ဩဂုတ် ၂၈ ၊ ၂၀၂၅
GG (VOM)
ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ၊အောင်သပြေကျေးရွာက Alpha အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ နောင်ချို – ကျောက်မဲဆက်သွယ်ထားတဲ့ ဂုတ်တွင်းလမ်းပိုင်းကို နလအမှ ဩဂုတ်လ ၂၇ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆက်တွဲအနေနဲ့မတ္တရာ – ပုသိမ်ကြီးလမ်းပိုင်းကို မိုင်းရှင်လင်းရေးဆက်လက်လုပ်ဆောင်ပြီးပါက လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
” မနေ့က ဂုတ်တွင်းလမ်းပိုင်းကို တပ်မတော်ကထိန်းချုပ်လိုက်ပါပြီ။တဆက်တည်း အယ်လ်ဖာဘိလပ်မြေစက်ရုံလည်းပြန်သိမ်းပါပြီ။နောက်ထပ်ဝမ်းသာစရာတွေထပ်လာဖို့ရှိနေပါတယ်။” လို့ လုံခြုံရေးအဖွဲ့နီးစပ်သူကပြောပါတယ်။
အဆိုပါ မြို့နယ်တွေထဲမှာ TNLA ၊ pdf နဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ကြောင်း စစ်တပ်က မန္တလေးတိုင်းထဲက pdf တွေထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်းကနေပါတိုက်ခိုက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
” ဘိလပ်စက်ရုံကိုပြန်ရဖို့ စစ်တပ်ကတိုက်နေတာကြာပြီ။ခုတော့ ပါသွားပြီ။ သိမ်းထားတာ တနှစ်ကျော်အကြာမှာပြန်ပြီး လက်လွှတ်လိုက်ရတာပေါ့။စစ်တပ်ကနေရာစုံကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတော့ pdf တွေအနေနဲ့ နေရာစုံဖြန့်ထားရလို့ ခုခံတိုက်နိုင်မှုလျော့လာတာမျိုးလားဆိုတာ မပြောတတ်ဘူး။လက်လွှတ်လိုက်ရတဲ့အပေါ်ထုတ်ပြန်တာမျိုးတော့မတွေ့ရသေးဘူး။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ကသုံးသပ်ပြောပါတယ်။
အလားတူရှမ်းမြောက်က နောင်ချိုမြို့ကိုသိမ်းပြီးနောက် ကျောက်မဲမြို့ကိုပါ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားသုံးပြီး မြေပြင်ထိုးစစ်အပြင် လေကြောင်းကနေပါတိုက်ခိုက်နေတာကြောင့် ခုရက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်တဲ့နေရာတွေဆက်တိုက်ရှိလာနေတာဖြစ်တယ်လို့သိရပါတယ်။
ဆက်လက်ပြီး TNLA နဲ့ pdf တွေထိန်းချုပ်ထားတဲ့ မိုးကုတ် ၊ စဥ့်ကူး ၊ မတ္တရာမြို့နယ် ၊ သပိတ်ကျင်း မြို့နယ်တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်ရေးသတင်းလေ့လာသူကသုံးသပ်ပြောပါတယ်။
ဩဂုတ် ၂၄ ရက်နေ့တုန်းကလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ၊ မိုးကုတ် – ပြင်ဦးလွင်လမ်းရှိ ရတနာသိင်္ဂီမိုင်းတွင်းနယ်မြေ နဲ့ မတ္တရာ – ပုသိမ်ကြီးမြို့နယ်အကြားက ဖယောင်းတောင်ရွှေလုပ်ကွက်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။
Photo: CJ
