မြဝတီ – အာရှလမ်းနဲ့ ရေး – ထားဝယ်လမ်းပိုင်းမှာ ပေါက်ကွဲမှုတွေကြောင့် နှစ်ယောက်သေ၊ ၁၀ ယောက်ဒဏ်ရာရပြီ၊ စစ်ရေးဆက်လက်တင်းမာ

စက်တင်ဘာ ၂ ၊၂၀၂၅
GG (VOM)
ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ်အာရှလမ်း နဲ့ တနင်္သါရီတိုင်းရှိ ရေး – ထားဝယ်လမ်းပိုင်းမှာ စက်တင်ဘာ ၁ ရက်နေ့က ဒရုန်းဗုံးနဲ့ မိုင်းပေါက်ကွဲလို့ နှစ်ယောက်သေပြီး လူ ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ မြဝတီ – ကော့ကရိတ်အာရှလမ်းမှာရှိတဲ့ ယခင်ကဖျက်ဆီးခံထားရတဲ့ ကော့နွဲ့တံတားကို နလအ ဘက်မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းလုပ်ဆောင်နေချိန်မှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားတယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” အဲဒီကော့နွဲ့တံတားက အရင်က ဖျက်ဆီးခံထားရတာ။အခုစစ်တပ်က ပြန်ပြင်နေတာပေါ့။စစ်တပ်က အာရှလမ်းကိုထိန်းချုပ်ပြီး ပြန်ဖွင့်နိုင်ဖို့လုပ်နေတဲ့သဘောရှိတယ်။မနေ့က အဲဒီတံတားပြင်တဲ့အဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်ခံရတာပါ။သေတာကဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။တိုက်ပွဲတွေကတော့ဆက်တိုက်ရှိနေတယ်။” လို့ ကော့ကရိတ်ဒေသခံကပြောပါတယ်။
လက်ရှိ မြဝတီ – ကော့ကရိတ် အာရှလမ်းကို နလအက ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီး ၊လက်နက်ငယ်ပစ်ခတ်မှုအပြင် အင်အားရာနဲ့ချီပြ စစ်ကြောင်းထိုးနေတာကြောင့် အာရှလမ်းတဝိုက်မှာ စစ်ရေးအခြေအနေတင်းမာနေတယ်လို့သိရပါတယ်။
မြဝတီ – ကော့ကရိတ်အာရှလမ်းကိုတော့ ၂၀၂၃ ခုနှစ်ကတည်းက ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိအထိ လမ်းပိုင်းအသုံးပြုခွင့်ပိတ်ထားဆဲဖြစ်ပါတယ်။
ရေး – ထားဝယ်လမ်းပိုင်းဖြစ်စဥ်ကတော့ မနေ့က မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်နဲ့ခရီးသွားချိန် လမ်းမှာထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိပြီး ပေါက်ကွဲကာ မိသားစုလိုက်မိုင်းထိပြီး ကလေးငယ် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” ဖြစ်တာက ရေး- ထားဝယ်လမ်းပိုင်းက မရမ်းချောင်းရွာနဲ့ ကော့လှိုင်ရွာကြားပါ။သူတို့က မိသားစုလိုက် ဆိုင်ကယ်နဲ့သွားတာမှာ အဲဒီလမ်းပိုင်းမှာ သစ်ပင်လှဲထားတဲ့ဘေးမြေသားကနေ ကွင်းသွားချိန် မိုင်းပေါက်တာပါ။သမီးကသေသွားတယ်။ မိဘတွေကဒဏ်ရာရတယ်။ဒီဘက်ကလည်း စစ်ရေးတင်းမာတဲ့အခြေအနေရှိတယ်။လမ်းပိုင်းတွေလည်းပိတ်ထားလို့ ဒေသခံတွေဒုက္ခရောက်နေရတယ်။” လို့ ရေး ဒေသခံကပြောပါတယ်။
လက်ရှိ ရေး – ထားဝယ်ပြည်ထောင်စုလမ်းမကြီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်လောက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လမ်းပိုင်းရှိ ကလိန်အောင်မြို့နဲ့ မလွှဲတောင် စစ်ဆေးရေးဂိတ်ကြားမှာ လူနာတင်ယာဉ်၊ခရီးသွားကား ၊ ကုန်ကားများ ရာချီပိတ်မိနေတယ်လို့သိရပါတယ်။
ဒါကြောင့် ​တနင်္သါရီတိုင်းကို ကုန်ကားတွေဝင်ရောက်နိုင်ခြင်းမရှိတဲ့အတွက် တိုင်းဒေသကြီးပြင်ပကနေ တင်သွင်းရတဲ့ကုန်စိမ်းပစ္စည်းတွေ ပြတ်လပ်မှုပင်ရှိလာနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW