စက်တင်ဘာ ၃ – ၂ဝ၂၅
KKO(VOM)
တရုတ်သမ္မတ အပါအဝင် ဒုသမ္မတတို့နဲ့ နလအ ဥက္ကဋ္ဌ တို့တွေ့ဆုံခဲ့မှုဟာ မြန်မာ့အရေးကိုတရုတ်အနေနဲ့ အထူးစိတ်ဝင်နေသည်ကို ပြသလိုက်တာဖြစ်တယ်လို့ တရုတ်-မြန်မာအရေးကို လေ့လာသုံးသပ်သူတွေက ရှုမြင်ထားကြပါတယ်။
တရုတ်နိုင်ငံကို အလုပ်သဘော ခရီးရောက်ရှိနေတဲ့ ယာယီသမ္မတ နလအ ဥက္ကဋ္ဌဟာ သူရဲ့ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဦးစွာတွေ့ဆုံခဲ့မှုအပြီး ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ တရုတ်နိုင်ငံရှိ ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာမှာ တရုတ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng နဲ့ ထပ်မံပြီးတော့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ဒီတွေ့ဆုံမှုတွေကထူးခြားတယ်လို့ပြောရင်ရပါတယ်။ဒါကမြန်မာ့အရေးကိုတရုတ်အထူးစိတ်ဝင်နေတာကိုလည်းပြသတဲ့သဘောဖြစ်ပါတယ်”လို့ တရုတ်-မြန်မာအရေးကိုလေ့လာသုံးသပ်သူ တယောက်က VOM ကိုပြောပါတယ်။
ဒါအပြင် နလအ ဥက္ကဋ္ဌ ဟာ ယခုတရုတ်ပြည်ခရီးစဉ်အတွင်းမှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ အပါအဝင် လာအိုနိုင်ငံ သမ္မတတို့နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့သလို တရုတ်နိုင်ငံ၊ဂူဟန်တက္ကသိုလ်ရဲ့ဒုတိယအဓိ ပတိပါမောက္ခ Prof. Gong Wei ဦးဆောင်သောအဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုတွေဟာ မြန်မာ့နိုင်ငံရေးအတွက်ထူးခြားကောင်းမွန်သောအရွှေ့ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက ဆိုထားကြပါတယ်။
“တရုတ်၊အိန္ဒိယနှစ်နိုင်ငံကြားက ခွချက်နယ် မြေကိုပိုင်စိုးထားတဲ့ မြန်မာပြည်ဟာရွှေခေတ်ရောက်လာပြီလို့ပဲပြောလိုက်ပါရစေ”လို့ သူက ထပ်လောင်းပြောပြပါတယ်။
အဲဒါအပြင် မြန်မာရွေးကောက်ပွဲအတွက် တရုတ်ဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“မြန်မာ့ရွေးကောက်ပွဲက တည်ငြိမ်အေးချမ်းစွာနဲ့ပြီးမြောက်ဖို့လိုတယ်လေ။လက်ရှိရွေး ကောက်ပွဲအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာကလည်းအသက်တမျှ အရေးကြီးပါတယ်”လို့ ပြည်တွင်းက ပါတီနိုင်ငံရေးသမားတယောက်က ပြောပါတယ်။
မြန်မာ့အရေးကိုတရုတ်အထူးစိတ်ဝင်နေတာနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူတယောက်ကလည်း သူရဲ့အမြင်ကို အခုလိုဆက်ပြီးပြောပြပါတယ်။
“အခုမြန်မာပြည်တွင်းမှာတိုက်ပွဲဖြစ်ရခြင်းတွေကိုရပ်တန့်အောင် တရုတ်ဘက်ကကူညီမှရမယ်။ဟန့်တားပေးမှရမယ်။နောက်တခါတရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းက အတော်လေးကိုအရေးကြီးတယ်။ဒါကလည်းနှစ်နိုင်ငံလုံးအတွက်အရေးကြီးတယ်။ကုန် သွယ်ရေးလမ်းကြောင်းပိတ်နေတာကတော် တော်လေးနစ်နာတယ်။ဒီလမ်းကြောင်းပြန်ပွင့်ဖို့ဆိုတာက တိုက်ပွဲတွေဖြတ်ဖို့လိုတယ်။ဒါကိုလည်းတရုတ်ဘက်ကရော မြန်မာဘက်ကရောနားလည်ထားပုံရပါတယ်”လို့ တရုတ်- မြန်မာအရေးလေ့လာသုံးသပ်သူတယောက် က ပြောပါတယ်။
လက်ရှိရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့လည်းလေ့လာသုံးသပ်သူတယောက်က အခုလိုဆက်ပြီး
ပြောပြပါတယ်။
“ပြောရရင်လက် နက်ကိုင်အဖွဲ့တွေကနယ်မြေသိမ်းပိုက်ထားတာတွေကိုလျော့ချပြီး နလအ က ပြန်လည်ထိန်းချုပ်နိုင်ဖို့လိုတယ်။တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာက အစိုးရလုပ်နိုင်လောက်တဲ့အနေအထားမျိုးမှာမရှိဘူး။ဒါကြောင့်ဒီတိုက်ပွဲတွေကိုဖြတ်ပြီးရွေးကောက်ပွဲကိုသွားမယ့်သဘောမျိုးတွေ့ရပါတယ်”လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
အခုလို တရုတ်-မြန်မာနှစ်နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ မြန်မာပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မြန်မာ့ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှုတွေရှိနိုင်မယ်လို့သုံးသပ်မှုတွေလည်းထွက်ပေါ်နေတာဖြစ်ပါတယ်။
ဒါအပြင် မနက်ဖြန် စက်တင်ဘာ ၃ ရက်နေ့မှာ ပေကျင်းမြို့တွင် ပြုလုပ်မယ့် တရုတ်ပြည်သူတွေရဲ့ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ် (၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားကိုလည်း နလအ ဥက္ကဋ္ဌ တက်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။
ပုံစာ – တရုတ်နိုင်ငံ ဒုသမ္မတနဲ့ နလအ ဥက္ကဋ္ဌ တို့ တွေ့ဆုံစဉ်။
