ကျူးကျော်ဆိုင်ခန်းတွေနဲ့ အဆောက်အဦတွေကို ဖယ်ရှားရှင်းလင်းတဲ့ကိစ္စ နဲ့ ယာဥ်ရပ်နားခ အဆမတန်ကောက်ခံနေတာတွေအပေါ် ဝေဖန်မှုတွေမြင့်တက်

မန္တလေး၊ စက်တင်ဘာ- ၃- ၂၀၂၅
SA(VOM)
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ ကျူးကျော်အဆောက်အဦတွေနဲ့ ဆိုင်ခန်းတွေကို ဖယ်ရှားရှင်းလင်းပြီး စည်းကမ်းမလိုက်နာသူတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေ လိုက်လံဝေငှပြီး ဖယ်ရှားရှင်းလင်းသွားဖို့ မှာသွားတဲ့အကြောင်း ဆိုင်ခန်းရှင်တွေဆီက သိရပါတယ်။
မန္တလေးမြို့တော်ကို သန့်ရှင်းသာယာလှပပြီး ခေတ်မီမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အဓိက လမ်းမကြီးများ၊ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် ကျူးကျော်စုပုံ၊ တည်ခင်း၊ ပစ္စည်းထားရှိခြင်း၊ ကျူးကျော်ဆောက်လုပ်ထားရှိခြင်း၊ ကျူးကျော်ရောင်းချခြင်းများကိုဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်း ပါဝင်ပါတယ်။
ဒီတပတ်အတွင်း စည်းကမ်းမလိုက်နာသူတွေကို အရေးယူထားမှုရှိသလားဆိုတာကို မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီရဲ့ အခွန်ဌာနမှုးကို ဆက်သွယ်မေးမြန်းပေမယ့် အဲ့ဒီကိစ္စတွေကို မြို့နယ်အထွေထွေ ဦးစီးဌာနက အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဆိုင်ခန်းတွေ၊ အဆောက်အဦတွေ ကျူးကျော်တည်ခင်း ​ဆောက်လုပ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး
ပုဒ်မ-၁၀၆(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊စင်္ကြံ၊ ပလက်ဖောင်းများပေါ်တွင် ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများချထားခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း၊ နေလှန်းခြင်း မပြုရ။
ပုဒ်မ-၁၀၆(တ) အဆောက်အအုံများ ဆောက်လုပ်ရာတွင် ကားပါကင်၊ မီးစက်၊ထရန်စဖော်မာတို့ကို ခွင့်ပြုချက်မရှိဘဲ လမ်းနယ်နိမိတ်အတွင်း သုံးစွဲချထားခြင်း မပြုရ။
ပုဒ်မ-၁ဝ၉(ဂ) မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်းအိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင် သို့မဟုတ် ကုန်တိုက်များ၊ ကိုယ်ပိုင်စျေးများဖွင့်လှစ်ရောင်းချခြင်း မပြုရ။
ပုဒ်မ-၁၀၉(စ) မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်းနံရံကပ်ဆိုင် ဖွင့်လှစ်ရောင်းချခြင်း မပြုရ။ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုရ။
သို့ဖြစ်ပါ၍ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အောက်ဖော်ပြပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေး
ကြေညာအပ်ပါသည်။
ပုဒ်မ-၁၁၂(က) ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများအား ကော်မတီပိုင်အဖြစ်သိမ်းဆည်းခြင်း၊ ဒဏ်ကြေးငွေ အနည်းဆုံးငွေဒဏ် ကျပ် ၁၀၀၀၀ မှ အများဆုံး ငွေဒဏ် ကျပ် ၅၀၀၀၀၀ အထိ ချမှတ်ခြင်း။
ပုဒ်မ-၁၁၂(ခ) လိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ရရှိသူဖြစ်ပါက သတိပေးခြင်း၊ ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း။
ပုဒ်မ-၁၁၅။ ထပ်မံကျူးလွန်ပါက အနည်းဆုံး ငွေဒဏ် ကျပ် ၂၀၀၀၀ မှအများဆုံးငွေဒဏ် ကျပ် ၂၀ဝဝဝဝ ထိ ဖြစ်စေ၊ ထောင်ဒဏ်(၁)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေအရ အဲ့ဒီတားမြစ်ချက်များကို လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။
ဒီသတ်မှတ်အ​ပေါ်မှာ တချို့လက်တလုံးခြားလုပ်ပြီး စည်ပင်ဝန်ထမ်းတချို့က လာဘ်​ယူကာ သတ်မှတ်ချက်မလိုက်နာသူ​တွေလည်း ရှိ​နေဆဲဖြစ်ပါတယ်။
ကိုယ်ပိုင်အိမ်မှာ ဆိုင်ဖွင့်​ရောင်းချသူတ​ယောက်က “ကျမတို့က စည်ပင်လိုင်စင်လည်းလည်းရှိတယ် ​ရေ​မြောင်း၊ ပလက်​ဖောင်း​ပေါ် ပစ္စည်းတင်​ရောင်းတာမဟုတ်တာ​တောင် အိမ်​ရှေ့ခင်းလို့ လစဥ်စည်ပင်ဝန်ထမ်းကို ​ဘောက်ချာမရဘဲ ​ပေးရတာရှိသလို ​စျေး​ကောက်ဆိုတာလည်း ​နေ့စဥ်​ပေးရတယ်။ ခု​လို သတ်မှတ်လိုက်​တော့ ​စျေး​ကောက်လာ​ကောက်သူကို မ​ပေး​တော့ဘူး ၊ စကား​တော့ အ​ချေအတင်​ပြောလိုက်ရတယ်။ လစဥ်​​ကြေးလာရင်လည်း မ​ပေး​တော့ဘူး၊ တချို့​တွေက​တော့ နားလည်မှုနဲ့ လုပ်​နေတာ​တွေ့​နေရ​သေးတယ်” လို့ဆိုပါတယ်။
လမ်း​ဘေးကျူး​တွေ ရှင်းတာနဲ့ပတ်သက်ပြီး ပုံမှန်လုပ်​ပေးနိုင်ရင်​ကောင်းတယ်လို့​ပြောသူရှိသလို ​နေရာအခက်ခဲရှိသူ​တွေက​တော့ နားလည်မှု​တွေနဲ့ ဖမ်းတုန်းခဏဖယ်ပြီး ​နောက်​တော့ ဒုံရင်းအတိုင်းဖြစ်ဦးမှာလို့ ဆိုကြပါတယ်။
​နောက် အ​ကြောင်းအရာ တခုက​တော့ မန္တလေးမြို့မှာ မြို့နယ်တခုနဲ့ တခု ယာဥ်ရပ်နားခကောက်ခံတာတွေ မတူညီသလို လမ်းမကြီးတွေပေါ်နဲ့ စျေးချိုလိုနေရာမျိုးတွေမှာ ယာဥ်ရပ်နားခ အဆမတန်ကောက်ခံနေတဲ့အပေါ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အပေါ်ကို ဒေသခံတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေတာကို တွေ့ရပါတယ်။
” သူတို့အကောက်ခွန်ဌာနက လေလံပေးထားတဲ့သူတွေက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းမကောက်ခံပါဘူး။ ကညနလိုနေရာမျိုးဆို ယာဥ်ရပ်နားတာမဟုတ်ပါဘူး ကညနကို လာတာပါ တန်းစီပြီး အလှည့်ကျဝင်ရတော့ တန်းဝင်လို့ မရဘူးလေ၊ ခဏရပ်တာပါ တလှိမ့်ချင်းလှိမ့်လည်း လာကောက်တယ်၊ သတ်မှတ်နှုန်းထားအတိုင်း ပေးရရင် ပေးနိုင်ပါတယ်၊ အခုက ခဏရပ်လည်း ၁၀၀၀ ပေးနေရတာ၊ ကညနကို လာတဲ့ ယာဥ်တွေဆိုရင် အစီးရေ ရာကြီးပိုင်းရှိတယ် တွက်ကြည့်ပေါ့၊ ဒါတွေကို စိစစ်အရေးယူပေးဖို့ လိုအပ်ပါတယ်၊ ပြည်သူလူထုက နေ့စဥ် လိုင်းပေါ်တင်နေ၊ အော်နေတာတွေလည်း မသိကျိုးကျွံပြုထားပုံရတယ် ” လို့ ကညနကို ယာဥ်သက်တမ်းတိုး သွားတဲ့သူတဦးက VOM ကိုပြောပါတယ်။
” ၈၄ လမ်းပေါ်ကို ယာဥ်ရပ်နားခ က တနေရာနဲ့ တနေရာ မတူဘူး ၃၅ လမ်းလိုနေရာမျိုးတွေ စျေးချိုလိုနေရာမျိုးတွေ တချို့နေရာတွေဆို ၂၀၀၀ အထိပေးရတယ်၊ တချို့​နေရာ​တွေဆို အင်္ကျီအဝါဝတ်​တွေက လမ်းကြား​တောင် လိုက်​တောင်းတာရှိ​နေတယ် ” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တ​လေးမြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ အခွန်ဌာနက​တော့ ​ဖြေကြား​မပေးပါဘူး။
ခုလို ယာဥ်ရပ်နားခ အဆမတန်ကောက်ခံတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက​နေ စိစစ်အရေးယူပေးဖို့ မြို့ခံတွေက လိုလားနေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW