သီပေါမှာ လေကြောင်း ဗုံးကြဲခံရတာ ဆယ်ကြိမ်ရှိ

စက်တင်ဘာ ၃၊ ၂၀၂၅
Shy V +NN (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘောကြိုရွာမှာ စက်တင်ဘာလ ၃ ရက်နေ့မွန်းလွဲ ၁ နာရီ ခွဲကျော်ခန့်က လေကြောင်း ဗုံးကြဲလို့ ‌လူ တယောက်ထိခိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အမျိုးသား တယောက် ထိတယ်။ ဦးမောင်ဇော်။ လက်မောင်းထိတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
သီပေါ ဘော်ကြိုရွာ နတ်စင်ထိပ်နား နေ့လယ် ၁ နာရီခွဲကျော်ခန့်က လေကြောင်း ဗုံးကြဲသွားတာလို့ သူက ပြောပါတယ်။
“ဒဏ်ရာက မစိုးရိမ် ရပါဘူး။ သီပေါမှာ ဇူလိုင်လ ၄ ရက်နေ့ကစ စက်တင်ဘာ ၃ ရက်နေ့အထိ လေကြောင်း ဗုံးကြဲတာ ၁၀ ကြိမ်ရှိပြီ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လေကြောင်း ဗုံးကြောင့် နေအိမ်တချို့လည်း ထိခိုက် ပျက်စီး ကုန်တယ်လို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေ ထပ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် ဘော်ကြိုရွာနဲ့ အနီးအနား ကျေးရွာ ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့လုပ်နေကြတယ်လို့ ဒေသခံတွေကပြော ပါတယ်။
သီပေါမြို့မှာ ဒီနေ့ နေ့လယ် ၁ နာရီ ၃၈ မိနစ်ခန့်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးဗုံး ထပ်ကြဲလို့ အမျိုးသား တယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးသွားခဲ့တယ်လို့ TNLA ဘက်ကလည်း သတင်းထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း သီပေါမြို့၊ အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်မှာ ဗုံးကြဲတိုက်ခိုက်လို့ လူ သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ သီပေါမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့က သီပေါမြို့လယ်က ပြည်ထောင်စုကာလမ်းကြီး ပေါ်ကို ဗုံးကြဲခံရတာ ကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ်လ အတွင်းတရုတ်နိုင်ငံကူမင်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သီပေါနဲ့ ကျောက်မဲ ကို TNLA က နလအ တပ်ဖွဲ့ထံ ပြန်ပေးဖို့ပြောဆိုခဲ့ပေမယ့် နလအတပ် ကလက်မခံခဲ့ ကြောင်း သတင်း တွေထွက်ပေါ်ခဲ့ပါတယ်။
အဲနောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာ အနီးမှာ နလအ တပ်နဲ့ TNLA တပ်ဖွဲ့တွေ တို့တိုက်ပွဲတွေ ဆက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“နောင်ပိန်မှာ တိုက်ပွဲတွေက မရပ်သေးဘူး။ ဆက်ဖြစ်နေတုန်းပဲ။ လေယာဉ်တွေရော လက်နက်ကြီးတွေရော တောက်လျှောက်ပစ်နေတယ်”လို့ နောင်ပိန်ရွာခံတယောက် ကပြောပါတယ်။
တိုက်ပွဲကြောင့် နောင်ပိန်၊ ကျောက်မဲနဲ့ သီပေါမြို့ခံတွေဟာ လားရှိုးမြို့ကို ဦးတည်ထွက် ပြေးနေကြပြီး ပရဟိတအဖွဲ့တွေက လားရှိုူးမြို့အရောက် ကူညီပေးနေကြတယ်လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တွေကပြောပါတယ်။
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW