ဥတ္တရသီရိမှာ ရွှေအိုးစည် Express လမ်းဘေးချောက်ထဲမှောက်လို့ နှစ်ယောက်သေ ၊ ခုနှစ်ယောက်ဒဏ်ရာရ

စက်တင်ဘာ ၃ ၊ ၂၀၂၅
GG (VOM)
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ကျွဲရှင်းကျေးရွာ၊ တောင်ညို – ကျွဲရှင်းလမ်းဆုံမှာ ” ရွှေအိုးစည် “ခရီးသည်တင် Express ကား ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်လောက်ထိခိုက်ဒဏ်ရာရတယ်လို့ကနဦးသိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ ၊နေ့လယ်ပိုင်းမှာ ကားကတိမ်းမှောက်ပြီး ချောက်ထဲထိုးကျချိန် အောက်မှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို ထပ်မံဝင်တိုက်ခဲ့ကာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ဆိုင်ကယ်၀ပ်ရှော့ဆရာက နေရာမှတင် ပွဲချင်းပြီးတယ်။၀ပ်ရှော့ပိုင်ရှင် လင်မယားလည်း ဒဏ်ရာပြင်းထန်တယ်။ကလေးကတော့ တွေ့ပြီ ညှပ်နေလို့ ဆွဲထုတ်ရတယ်။” လို့ ဖြစ်စဥ်သိသူဒေသခံကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်သူတွေပါဝင်တယ်လို့ သိရပါတယ်။
” ကားက ချောက်ထဲကျပြီး အောက်က ဆိုင်ကယ်ပြင်ဆိုင်ကိုဝင်တိုက်မိတယ်။အဲဒီမှာ အဲဒီဆိုင်ကယ်ပြင်ဆိုင်ကတယောက်သေတယ်။ကားပေါ်ကတယောက်သေတယ်။ဒဏ်ရာရသူတွေထဲမှာလည်း ပြင်းထန်သူတွေပါတယ်။ဆေးရုံတော့အချိန်မီအကုန်ပို့ပေးခဲ့တာပဲ။” လို့ ဒေသခံ လူမှုကူညီရေးအသင်းဝင်တယောက်ကပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ရွှေအိုးစည် ကားကတော့ ဒီကနေ့မနက်ပိုင်းမှာ မန္တလေးကနေ နေပြည်တော်ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ကားဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဖြစ်ပွားရာနေရာမှာ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ကားမှောက်ရတဲ့အကြောင်းအရင်းကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW