နမ့်ဖတ်ကာ – နမ့်ခမ်းလမ်းမှာ ကားတစီး ဘရိတ်ပေါက် ထိုးကျရာက ကားရော နေအိမ် နှစ်အိမ်ပါ မီးလောင်ပျက်စီး

စက်တင်ဘာ ၅၊ ၂၀၂၅
Shy V (VOM)
နမ့်ဖတ်ကာ – နမ့်ခမ်းလမ်း၊ ၁၂ မိုင်မှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က ဒီဇယ်တင်ထားတဲ့ ကားတစီး ဘရိတ်ပေါက် ထိုးကျသွားရာက ကားရော နေအိမ် နှစ်အိမ်ပါ မီးလောင် ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကားက နောက်ပြန်လှိမ့်ပြီး လမ်းအောက်က အိမ် နှစ်အိမ်ပေါ် ထိုးကျ တိမ်းမှောက်သွားတာ။ ကားလည်း မီးလောင်သွားတယ်။ အဲဒီ နေအိမ် နှစ်အိမ်လည်း မီးလောင်သွားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
အဲဒီကားက နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက် ဒီဇယ် တင်လာတဲ့ ၁၂ ဘီးကား ဖြစ်ပြီး လမ်းမပေါ် ကားတစီး ပျက်နေတာကြောင့် ဆွဲပေးဖို့ အကူအညီ တောင်းလို့ ကားဆွဲပေးဖို့ လုပ်နေချိန် ဘရိတ်ပေါက် နောက်ပြန်လှိမ့်ပြီး အောက်ဘက် နေအိမ် နှစ်အိမ်ပေါ် ထိုးကျသွားတာလို့ သူက ပြောပါတယ်။
“ကားက ဘရိတ်မနိုင်တော့လို့ အောက်ထဲ ကျသွားတော့ မီးလောင်တာပါ။ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲလောက်ပါ။” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
ကားတိမ်းမှောက်မှုကြောင့် လူအထိအခိုက်မရှိ ပေမယ့် ကားနဲ့ ကားပေါ်ပါ ပစ္စည်းတွေအပါအဝင် ခန့်မှန်းတန်ဖိုး စုစုပေါင်း တရုတ် ယွမ်ငွေ ယွမ် ၁၃၈,၀၀၀ (ကျပ် သိန်း ၈၂၈ ) နဲ့ မြန်မာငွေကျပ် သိန်း ၃၂၀ ခန့် ပျက်စီး ဆုံးရှုံးသွားကြောင်း TNLA တပ်ဖွဲ့ နဲ့ နီးစပ်သူက ပြောပါတယ်။
တိမ်းမှောက်သွားတဲ့ ကားသမားရော အကူအညီ တောင်းတဲ့ ကား သမားရော နှစ်ယောက်စလုံးကို PSLF/TNLA ရဲ့ မြို့နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၄ ရက်နေ့မှာပဲ နမ့်ဖတ်ကာ – နမ့်ခမ်းလမ်း ပေါ် ၁၂ မိုင် အနီးမှာ နမ့်ခမ်းဘက် တက်လာတဲ့ ချဉ်ဇော်ကားသီးတင် ဆိုင်ကယ်တစီးလည်း မီးလောင်ပျက်စီး သွားခဲ့သေးတယ်လို့ ဆိုပါတယ်။
Video Crd# ဒေသခံ

Related posts

✕
VOM News

FREE
VIEW