နီပေါမှာ ဝန်ကြီးချုပ်နုတ်ထွက်သွားပေမယ့် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွား

ခတ္တမန္ဒူ၊ စက်တင်ဘာ-၁၀-၂၀၂၅
မျိုးဆက်(VOM)
နီပေါနိုင်ငံမှာ လူ ၁၉ ယောက်သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ရာထူးကနေ နုတ်ထွက်သွားပေမယ့် အကြမ်းဖက်မှုနဲ့အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အင်္ဂါနေ့မှာ မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံကို ဆန္ဒပြသူတွေ မီးရှို့ခဲ့ကြသလို အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အိမ်တွေကို နိုင်ငံတဝန်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
အင်္ဂါနေ့မှာ နောက်ထပ် လူသုံးဦး သေဆုံးကြောင်း သတင်းတွေကဆိုပါတယ်။ ဒီအခြေအနေအတွင်းမှာ အနောက်ပိုင်းခရိုင်က ထောင်နှစ်ခုကနေ အကျဉ်းသား ၉၀၀ ခန့် ထွက်ပြေးခဲ့တယ်လို့ ထောင်တာဝန်ရှိသူတွေက ဆိုပါတယ်။
လူမှုကွန်ရက်ပလက်ဖောင်းတွေကို တားမြစ်ထားတဲ့ အမိန့်ကြောင့် ဒီဆန္ဒပြမှုတွေ စတင်ခဲ့ပါတယ်။ တနင်္လာနေ့မှာ ဒီတားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပေမယ့် ဆန္ဒပြမှုတွေကတော့ ပိုမိုကြီးထွားလာနေပါတယ်။
နီပေါစစ်တပ်ကတော့အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ဆန္ဒပြသူတွေဟာ လက်ရှိအကျပ်အတည်းကို အခွင့်ကောင်းယူကာ ပြည်သူ့နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ပျက်စီးအောင်၊ လုယက်အောင်၊ မီးရှို့တာတွေ လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
အဓိကရုဏ်းတွေ ဆက်ဖြစ်နေမယ်ဆိုရင် နီပေါတပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့အစည်းအားလုံးဟာ ည ၁၀ နာရီ ကစပြီး အခြေအနေကို ထိန်းချုပ်ဖို့ ပြင်ဆင်ထားတယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘာတွေလုပ်ဆောင်မယ်ဆိုတာတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။
လစ်လပ်နေတဲ့ ဝန်ကြီးချုပ်ရာထူးကိုတော့ ဘယ်သူ့ကို အစားထိုးခန့်အပ်မယ်ဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။ ဝန်ကြီးတွေအပါအဝင် ခေါင်းဆောင်အချို့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေကတော့ အစိုးရအနေနဲ့ အကျင့်ပျက်ချစားမှုတွေကိုပါ တိုက်ဖျက်ဖို့ တောင်းဆိုနေကြပါတယ်။
Ref:BBC
Photo:Getty Imgaes

Related posts

Leave a Comment

VOM News

FREE
VIEW