ရခိုင်နဲ့နယ်နမိတ်ထိနေတဲ့ ပဲခူး၊မကွေးနဲ့ဧရာဝတီတိုင်းအစပ်က ဒေသတွေမှာ စစ်ရေးအရှိန်မြင့်လာနေ

စက်တင်ဘာ ၁၁ – ၂ဝ၂၅
GG(VOM)
ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊မကွေး ၊ ပဲခူးတိုင်း အစပ်ရှိ နေရာတွေမှာ နလအဘက်မှ အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA နဲ့ နလအ တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
ဧရာဝတီတိုင်းမှာဆိုရင် စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တဝိုက်မှာတိုက်ပွဲဖြစ်ပွား နေပြီး ပဲခူးတိုင်းအစပ်မှာဆိုရင်တော့ ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တဝိုက် နေရာတွေနဲ့ ရိုးတောင်အစပ် နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေကာ မကွေးတိုင်းမှာဆိုရင်တော့ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ တဝိုက် နဲ့ ကုန်းဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။
” တိုက်ပဲဲဖြစ်နေတဲ့ ဆင်လမ်ရွာနဲ့ ညောင်ကျိုးဘက်တွေမှာ ရွာသားတွေမရှိကြတော့ဘူး။အဲဒီဘက်မှာ ပစ်ခတ်နေကြတာကြာပြီ။ခုရက်ပိုင်းတော့ပိုကြမ်းလာတဲ့သဘောရှိတယ်။လက်နက်ကြီးသံတွေကြားရတယ်။စစ်ကားတွေလည်းသွားတယ်။အဲဒီရွာတွေက ပဲခူးအစပ်ကရွာတွေပါ။အဲဒီဘက်တွေက သွားလို့လဲမရပါဘူး။ရှောင်တဲ့သူတွေကလည်း နီးစပ်ရာရွာတွေမှာနေကြတာ။” လို့ ဒေသခံကပြောပါတယ်။
မကွေး၊ငဖဲမြို့နယ်ထဲက စွန်တက်ရွာနဲ့ နတ်ရေကန်ဘက်မှာလည်း စွန့်လွှတ်လိုက်ရတဲ့တပ်စခန်းပြန်ရရှိရေးနဲ့ ငဖဲမြို့နယ်ထဲက ကပစ စက်ရုံတွေဆီ AA ထိုးဖောက်ဝင်ရောက်လာမှုမရှိစေရေးအတွက် အင်အားအများအပြားသုံးကာ ထိုးစစ်ဆင်လာနေတယ်လို့သိရပါတယ်။
ငဖဲမြို့နယ်ထဲမှာ ကပစ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ၊ ကပစ ၁၀ ၊ ကပစ ၂ ၊ ကပစ ၁၃ လည်းရှိနေတာဖြစ် တယ်လို့သိရပါတယ်။
“စွန်တက်နဲ့ နတ်ရေကန်က သိပ်မဝေးဘူး။အဲဒီဘက်တွေမှာ စစ်တပ်က အင်အားတော်တော်များများတိုးမြှင့်ချလာတာတွေ့ရတယ်။ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကလည်းရှိတယ်။အဲဒါကို မပါအောင် တပ်ဘက်က အပြင်းအထန်တိုက်နေတယ်။ငဖဲမှာကလည်း ကပစစက်ရုံကရှိနေတော့ တပ်က စစ်ရေးအရှိန်မြှင့်လာတာမျိုးပေါ့။ငဖဲမြို့နယ်ဘက်မှာ စစ်ဆေးရေးတွေလည်းတင်းကြပ်တယ်။” လို့ စစ်ရေးသတင်းအခြေအနေသိရှိသူဒေသခံ ကပြောပါတယ်။
ဧရာဝတီတိုင်းဘက်မှာက စက်စက်ယိုရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပြီး အဆိုပါလမ်းကြောတဝိုက် ကျေးရွာတွေဘက်မှာ စစ်ဆေးမှုတွေပိုမိုတင်းကြပ်ထားပြီး အသွားအလာကန့်သတ်မှုတွေလည်းရှိနေပါတယ်။
AA ဘက်ကလည်း ရခိုင်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း နဲ့ မကွေးတိုင်းအစပ်ရှိ ဒေသတွေဘက်မှာ စစ်တပ်က အင်အားအများအပြားသုံးပြီး စစ်ရေးအရှိန်အဟုန်မြှင့်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်လာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ယခုစက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာပင် စစ်တပ်ဘက်ကမှ အကျဆုံးများကြောင်းနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း AA ဘက်မှသတင်းထုတ်ထားပြီး နလအဘက်ကတော့ ရခိုင်အစပ်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး။
စစ်ရေးပြင်းထန်လာနေတဲ့ ရခိုင် – ဧရာဝတီအစပ် ၊ မကွေးအစပ် ၊ ပဲခူးအစပ်ဒေသတွေက ပြည်သူတွေမှာ စစ်ဘေးတိမ်းရှောင်နေရတာ ကြာမြင့်နေပြီဖြစ်တာနဲ့အညီ နေအိမ်ဖောက်ထွင်းခံရမှုတွေ စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိလာနေတယ်လို့သိရပါတယ်။

စားနပ်ရိက္ခာလိုအပ်ချက်အရ ဝယ်ယူရာမှာလည်း လမ်းပိုင်းမှာ စစ်ဆေးမှုတွေရှိနေပြီး ကုန်ပစ္စည်းသယ်ယူမှုအပေါ် ကန့်သတ်မှုရှိတာကတကြောင်း၊ စစ်ရှောင်နေရတဲ့အတွက် ဒေသခံတွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နိုင်ခြင်းမရှိတာကြောင့် ငွေကြေးလိုအပ်ချက်ရှိပြီး ဝယ်ယူနိုင်မှုမရှိတဲ့အခြေအနေတွေရှိလာနေပြီး အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။
အဆိုပါ ဒေသကပြည်သူတွေမှာ စစ်ရှောင်နေရတဲ့ကာလကြာမြင့်လာပြီး အခက်အခဲတွေရောက်နေရပေမယ့် ထိရောက်တဲ့အကူအညီအထောက်အပံ့တွေရရှိမှု မရှိသလောက်နည်းနေတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW