လန်ဆယ်ဒေသဘက် ဦးတည်ကာ နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ စစ်ကြောင်းထိုးလာ

စက်တင်ဘာ ၂၀၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ လာချင်ကျေးရွာအုပ်စု၊ လာချင် ခေါ် လန်ဆယ် ဒေသဘက် ဦးတည်ကာ နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကစ စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းထိုးလာရာ လမ်းမှာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား‌နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လန်ဆယ်ဘက် ပြည်သူ့စစ်တွေ တောင်ကြော တဖက် တချက်စီကနေ စစ်ကြောင်း နှစ်ကြောင်း ထိုးလာတယ်။စက်တင်ဘာ ၁၉ ရက်မနက်ပိုင်း ခဏ ထိတွေ တိုက်ပွဲ ဖြစ်ပြီးနောက် ထိပ်တိုက် အနေအထား စစ်ဆိုင်ထားပြီး စစ်ရေး အခြေအနေတင်းမာနေတယ်လို့ သိရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မတ်စောက်တဲ့ တောင်ကြောတွေ ဖြစ်တာကြောင့် ခြေချော်တာနဲ့ ချောက်ထဲ ရောက်သွားနိုင်သလို တိုက်ပွဲ အတွင်း ကျသွားရင်တောင် အလောင်း ပြန်ကောက်ယူနိုင်ဖို့‌ေတာင် မသေချာအောင် သွားလာရခက်ခဲတဲ့ နေရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်း နာရီ အနည်းငယ်ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၂၀ ရက်မနက်ပိုင်းလည်း ထပ်မံ ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရကာ မျက်နှာချင်း စစ်ဆိုင်ထားတဲ့ အနေအထား လို့ ဆိုပါတယ်။
“တိုက်ပွဲ ဖြစ်တဲ့ နေရာက လန်ဆယ်နဲ့တော့ တော်တော် ဝေးသေးတယ်။ လက်နက်ကြီး ပစ်ရက်တော့ အသံ မကြားနိုင်သေးတဲ့နေရာပါ။ မနေ့က မနက် စစ်ကြောင်းတော့ ထိုးလာတယ်လို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ယမန်နေ့ မနက်က လန်ဆယ်ဘက် လေယာဉ် တစင်းလည်း တက်လာတာတွေ့ရပေမယ့် တိုက်ခိုက်တာမျိုးတော့ မရှိဘူးလို့ သူက ပြောပါတယ်။
နလအ နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းတပ်ဖွဲ့က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လန်ဆယ်ဒေသကို ပြန်လည် ရယူ ထိန်းချုပ် နိုင်ဖို့ အင်အား ၄၀၀ ခန့်နဲ့ ယမန့် စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းကစ စတင် ထိုးစစ်ဆင် လှုပ်ရှားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် အထူးဒေသ ၁ မှာ ပါဝင်တဲ့ လန်ဆယ် ဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW