လေကြောင်းဗုံးကြဲခံရပြီး​နောက် ၃ ရက်အတွင်း ဒေသခံ ၅၀ ခန့်ကို TNLAက ဖမ်းဆီး

စက်တင်ဘာ ၂၀၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့ နမ့်တုံ နဲ့ ရန်ကွင်းကြား စက်မှုလယ်ယာ ကုန်းမှာ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်မှာ နလအ တပ်ဖွဲ့က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့သွားခဲ့ပြီး​နောက် ၃ ရက်အတွင်း ဒေသခံ ၅၀ ခန့် TNLA ပူးပေါင်း တပ်ဖွဲ့ရဲ့ အဖမ်းဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လူနေအိမ်တော့ မရှိဘူး။ ဂျက်ဖိုက်တာ နဲ့ လာကြဲသွားတာ။ မြို့ပေါ်တော့ မဟုတ်ဘူး။ မြို့စွန်မြို့ဖျား။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မြို့တွင်းရပ်ကွက် ၂ စာရင်းဝင် ဖြစ်ပေမယ့် မြို့တွင်းမက မြို့ပြင်မကျ နမ့်တုံ နဲ့ ရန်ကွင်းကြား စက်မှုလယ်ယာကုန်းမှာ နေ့လယ် ၁ နာရီ ခွဲကျော်ခန့်က ကြဲသွားတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်မှာ ဒီရက်ပိုင်း သုံးရက်အတွင်း ဒေသခံ အယောက် ၅၀ ခန့် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံရတာရှိတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ဟုတ်တယ်။ ပန်ပေါင်း ကားလမ်းဘေးရွာမှာ။ အဲဒီဘက် စစ် မဖြစ်သေးဘူးလေ။ တယောက်တည်း ဖမ်းတာ မဟုတ်ဘူး။ မီးနေသည်ပါ မကျန် ဖမ်းတာ။ ကွမ်းယာသည်တွေရော။ ခန့်မှန်းခြေ ၅၀ ကျော်လောက်ရှိမယ်။ သုံးရက်အတွင်း။ တမြို့လုံးမွှေနေတာ။” လို့ သူက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့က ကွမ်းယာ​ရောင်းတဲ့ ကောင်မလေးရော၊ အသုပ်စုံရောင်းတဲ့ သူတွေရော၊ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးပိုင်းတွေကိုပါ ကားနှစ်စီးနဲ့ အများကြီး ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံ မျက်မြင်တွေဆီက သိရပါတယ်။
ကျောက်မဲမြို့၊ ပင်ပေါကြီး စျေးဆိုင်တန်းမှာ စျေးရောင်းနေတဲ့ အသက် ၃၄ နှစ် အရွယ် နန်းအေးယိင်းကိုလည်း စက်တင်ဘာလ ၁၉ ရက်နေ့လယ် ၂ နာရီခွဲခန့်က လက်နက်တစုက အကြောင်းမဲ့ လာရောက် ခေါ်ဆောင်သွားတာကြောင့် ပြန်လည်လွှတ်ပေးဖို့ နမ့်ခုံးအသင်းက တောင်းဆိုထားတာတွေ့ရပါတယ်။
TNLA ပူးပေါင်း တပ်ဖွဲ့နဲ့ နီးစပ်သူတွေက နလအ တပ်ဖွဲ့ဆီ သတင်းပို့ နေသူတွေ ရှိနေတာကြောင့် ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ်ရတာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားထားကြပါတယ်။
နလအ တပ်ဖွဲ့ ကို ထောက်ခံတဲ့ ဆိုရှယ်မီဒီယာမှာလည်း စက်တင်ဘာလ ၁၈ ရက်နေ့က ပန်ပေါင်းမှာ မီးဖွားနေတဲ့ မီးနေသည် အမျိုးသမီး တယောက်ကိုပါ TNLA တပ်ဖွဲ့ကဖမ်းဆီးသွားပြီး တရက်ကို လူ ၅၀ ခန့် ပိုက်စိပ်တိုက် ဖမ်းဆီးနေကြောင်း ရေးသားထားပါတယ်။
နောင်ပြစ်ရွာ တောင်ယာဘက် စစ်ရှောင်နေတဲ့ ဒေသခံတချို့ စက်တင်ဘာလ ၁၈ ရက်နေ့က နောင်ပစ်ရွာပြန်လာရာက ဒေသခံ အမျိုးသား တယောက် နေအိမ်ခြံဝင်းရှေ့ မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတာကို ဆေးရုံမပို့နိုင်တာကြောင့် သေဆုံးသွား သလိုစက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ခဲလုံရွာဘက် တိုက်ပွဲဖြစ်လာလို့ တိုက်ပွဲကြား တောထဲ တိမ်းရှောင်ရင်း ဒေသခံ တယောက် ပစ်ခတ်ခံရပြီး ဆေးကုသနေချိန် သေဆုံးသွားတာရှိကြောင်း သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။
နလအ တပ်ဖွဲ့က နောင်ချိုကို ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ခန့်ကစ ကျောက်မဲ မြို့နယ်အတွင်း TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နလအ တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်လာတာဖြစ်ပါတယ်။
Photo ​ကျောက်မဲဂရု

Related posts

Leave a Comment

VOM News

FREE
VIEW