ရွေး/ကော်ဥပဒေနဲ့ ဖမ်းဆီးခံရသူ ၁၂ ယောက်အထိ ရှိလာ

စက်တင်ဘာ ၂၃ – ၂၀၂၅
SN (VOM)
ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လှုံ့ဆော်မှုကြောင့် လက်ရှိအချိန်မှာ ဖမ်းဆီး အရေးယူခံရသူ ၁၂ ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
ရွေး/ကော် ဥပဒေနဲ့ ပထမဆုံး အရေးယူခံရသူကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူဖြစ်ပြီး ပြစ်မှုထင်ရှားတာကြောင့် တောင်ကြီးမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်တိတိ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁) ရပ်ကွက်မှာနေတဲ့ ကိုနေသွေးကို သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မြို့မရဲစခန်းမှာ (ပ) အမှတ် ၉၉/၂၀၂၅ ၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ကာ စတင် ရုံးထုတ်တဲ့နေ့မှာပဲ တောင်ကြီးမြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုနေသွေးဟာ လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကားလုယက်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “မဲပေးဖို့ချည်း ဇွတ်ပြောပြီ။ မင်းတို့က ဘာကောင်တွေလဲ။ စောက်လုံးပါရင် သေချာကြည့်။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား၊ အလကားနေ ဘာမှ စောက်ဖြစ်မရှိဘဲ ပြည်သူဆီကပဲ မဲမလိုချင်နဲ့” ဆိုပြီး သြဂုတ်လ ၂၃ ရက်နေ့က ရေးသားခဲ့တာကြောင့် ဖမ်းဆီး အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ရွေးကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်က အများပြည်သူ သွားလာတဲ့ နေရာတွေမှာ လှုံ့ဆော်စာတွေ လိုက်လံကပ်ခဲ့သူ နှစ်ယောက်ကို ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ ပြစ်မှု ကျူးလွန်သူတွေဟာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၆) ရပ်ကွက် နေသူတွေဖြစ်ကြတဲ့ အောင်ရဲထွဋ် (ခ) ရဲထွဋ် (၂၄) နှစ်နဲ့ ရန်နိုင်ကြည်ဝင်း (ခ) ရန်နိုင် (ခ) အကြီးကောင် (၂၃) နှစ်တို့ဖြစ်ပြီး သူတို့ရဲ့ နေအိမ်တွေမှာပဲ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထွက်ဆိုချက်တွေအရ သူတို့ နှစ်ယောက်ဟာ စက်တင်ဘာ ၁၃ ရက်နေ့မှာ နောက်ခံ အနီရောင်ပေါ်မှာ အဝါရောင်စာသားတွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လှုံ့ဆော် ရေးသားထားတဲ့ အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ စတေကာတရွက်နဲ့ အနက်ရောင် မဲပုံးပေါ်မှာ ကျည်ဆံပုံသဏ္ဍာန်တွေ ပါရှိတဲ့ စတေကာ တရွက်ကို လှိုင်သာယာ (အရှေ့ပိုင်း၊ အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ၁၀ နေရာမှာ လိုက်လံ ကပ်ထားခဲ့ကာ အသိပေး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကျူးလွန်သူတွေကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၈၁၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ထားပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေရန် လှုံ့ဆော်မှုနဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး (ခ) မျိုးမင်းခန့် (ခ) ပိုင်စိုး (၁၈) နှစ်၊ ဟန်ထွန်းအောင် (ခ) ရဲမင်းကိုကို (ခ) ဟန်ကြီး (၁၈) နှစ်၊ အောင်နိုင်လင်း (၁၇) နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆) နှစ်နဲ့ ထွန်းနေဦးလှိုင် (၁၄) နှစ်တို့ကို လွိုင်ကော်မြို့မရဲစခန်း (ပ)၂၁၈/၂၀၂၅ ၊ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ကြတဲ့ ရဲသူရအောင် (၃၆) နှစ်၊ ကျော်ဝဏ္ဏ (၂၅) နှစ်၊ ချစ်ဝင်း (၄၅) နှစ်နဲ့ ပြေထွန်း (၃၄) တို့ကို ရွှေပြည်သာ မြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ၊ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၃ (က) နဲ့ အသီးသီးအမှုဖွင့် ဖမ်းဆီးအရေးယူ စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ဖမ်းဆီးခံခဲ့ရသူတွေဟာ ရွေးကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာတွေ ချိတ်ဆွဲခြင်းတို့ကို လုပ်ဆောင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရွေး/ကော်ဥပဒေနဲ့ ဖမ်းဆီး အရေးယူခံရသူတွေ များပြားလာတာနဲ့ ပတ်သက်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်က “ဒီဥပဒေ အသစ်တွေကို သာမန်လူတွေအနေနဲ့ သိထားဖို့လိုတယ်။ သူက အလွှာပါးပါးလေး ရှိတယ်နော်။ အရင်တုန်းက မဲပေးခြင်း၊ မပေးခြင်းက ကမ်ပိန်းတွေ လုပ်ခဲ့ကြတာရှိတယ်။ ဒါပေမယ့်အခုက အဲဒီလိုလုပ်လို့ မရတော့ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ နောက်ထွက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို သေချာ သိထားမယ်ဆိုရင်တော့ ဘေးကင်းပါလိမ့်မယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပုဒ်မ ၂၃ (က) ဟာ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
အဲဒီ ဥပဒေမှာ ရွေးကောက်ပွဲ ပျက်ပြားစေဖို့ လှုံ့ဆော် ပြောဆိုသူတွေကို ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်ဖို့ ပြဋ္ဌာန်းထားတဲ့အပြင် လူသေဆုံးတဲ့အထိ ဖြစ်စေပါက သေဒဏ်အထိပါ ချမှတ်နိုင်ဖို့ ပြဋ္ဌာန်း ရေးဆွဲထားတာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW