လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၀)

ဆူးငှက်
၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော အသက် ၁၉နှစ်အရွယ်၊ အနှစ် ၂၀အရွယ် လူငယ်တွေက မန္တလေးအငြိမ့်အော်ပရာဆို တာကို သိရှိခံစားဖူးကြမှာမဟုတ် …။ အရင်က မန္တလေးမှာ အငြိမ့်အဖွဲ့တွေ လေးဆယ် …၊ ငါးဆယ်ရှိနေရာက တဖြုတ်ဖြုတ်နှင့် ကြွေ သွားလိုက်ကြတာ ဒီကနေ့ အငြိမ့် ၃ဖွဲ့သာ ကျန်တော့သည်အထိပင် …။ အငြိမ့်ဆိုသည်ကလည်း တစ်နေကုန် ခြစ်ခြစ်တောက် ပူထား သော ကတ္တရာလမ်းပေါ်မှာ စင်ထိုးပြီး ဖျာခင်းကြည့်ရသည့် ကြည့်ချင်ပွဲမို့ ဒီကနေ့ လူငယ်တွေနှင့် မကိုက်လှ …။ နေရာထိုင်ခင်း အရသော် လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း ဆင်ခြင်ကြမှာ သေချာသည်။ ဒီကနေ့ လူငယ်တွေဆိုတာ မှန်ခန်း၊ အဲယားကွန်းနှင့် Safe Side ကိစ္စ အတော်စဉ်းစားကြသည်။ ၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းဆောင် နာလံထူလာချိန် တွင် ဇာတ်၊ အငြိမ့်ကဲ့သို့သော ရိုးရာပွဲခင်းများကို အဆင့်မြင့်ဇာတ်ရုံကြီးတွေထဲ ချက်ချင်း မထည့်သွင်းနိုင်ခြင်းကလည်း နောက်မျိုးဆက် နှင့် ကွာဟစေသော အချက်တစ်ချက်ဆိုတာ ငြင်းခုန်ဖွယ် မရှိချေ။
မည်သို့ဆိုစေ … ကိုလိုနီခေတ်ဦးကတည်းက မန္တလေးတွင် ဖြစ်ထွန်းခဲ့သော အငြိမ့်သည် ၁၉၈၀ ဝန်းကျင်တွင် “အော်ပရာ” များ ဖြင့် လူထုဆန္ဒ၊ လူထုအာသီသအပေါ် တစ်စုံတစ်ရာ ဖြည့်ဆည်းနိုင်မှု တာဝန်ကျေခဲ့သည်။ စာဖတ်ပြီး ကလောင်သွေးချင်နေသော လူငယ် တစ်ယောက်အတွက်လည်း မန္တလေးအငြိမ့်အော်ပရာများက စာပေနှင့်ပတ်သက်သည့် စိတ်ဓာတ်များကို ဝါးလုံးထိုး မြှင့်တင်ပေးသည်။ ကျွန်တော် … ထိုကဲ့သို့သော အော်ပရာများကို ရေးချင်သည်။ ထိုကဲ့သို့သော အော်ပရာများကို စင်တင်ချင်သည်။
၁၉၈၀ ဝန်းကျင်က အိမ်ကရသော မုန့်ဖိုးများကို စုပြီး တစ်လလျှင် မဂ္ဂဇင်း ၂အုပ်ကို မဖြစ်မနေ ဝယ်သည်။ တစ်အုပ်က မိုးဝေ…၊ တစ်အုပ်က ရှုမဝဖြစ်သည်။ မိုးဝေမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြပါရှိသော “တင်ထွဋ်” ၏ “ပျူနိုင်ငံတော်ဂီတ” ဟူသော ဝတ္ထုတိုကို ကျွန်တော် သဘောကျမိ၏။ ထိုဝတ္ထုတိုကို အခြေခံကာ နိုင်ငံသမိုင်း သုတေသနစာစဉ်များနှင့် အခြားစာအုပ်စာတမ်းများမှ အချက်အလက်များကို အခြေခံပြီး စင်တင်အော်ပရာပုံစံ “သရေခေတ္တရာ ပျူနိုင်ငံတော်ဂီတ” ဟူသော အမည်ဖြင့် စာမူတစ်ပုဒ်ရေးသားဖြစ်သည်။ ရည်ရွယ်သည် က မန္တလေးအငြိမ့်တွေမှာ စင်တင်ဖို့ ဖြစ်ပါ၏။ သို့သော် ထိုအချိန်က အငြိမ့်သွားများနှင့်လည်း မနီးစပ် ..၊ တကယ်တမ်း စင်တင်ဖို့ကလည်း (ဇာတ်ခုံသဘောတရားတွေကို နားမလည်သောကြောင့်) အဆင်မပြေနိုင် …။
ထို့ကြောင့် အဖတ်ပြဇာတ်ပုံစံဖြင့် သဘင်မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိခဲ့သည်။ (၁၉၈၄-နိုဝင်ဘာလ)
ထိုစာမူပါရှိပြီး မကြာမီမှာပင် ကျွန်တော့်ထံသို့ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နှင့် မွန်မွန်ရည်ရည်လူငယ်တစ်ဦး ရောက်လာ သည်။ ကျွန်တော်နှင့် မတိမ်းမယိမ်း ရှိမှာပေါ့ …။ သူက “သဘင်မဂ္ဂဇင်းထဲမှာ ပျူဂီတပြဇာတ် ရေးသူလား” ဟု မေးသည်။ ကျွန်တော်က တအံ့တသြနှင့် ဟုတ်ပါတယ်ဟု ဆိုတော့ … “လူထုဦးလှ လူထုဒေါ်အမာရဲ့သား ကိုငြိမ်းချမ်းက လွှတ်လိုက်တာပါ” ဟု ဆိုသည်။ ကိုငြိမ်း ချမ်းဆိုတာ ဆရာညီပုလေးဖြစ်သည်။ ထိုစဉ်က စပယ်ဖြူမှာ “လျှက်ဆားတစ်တို့” ဖြင့် တာထွက်ကောင်းနေသည်။ ကျွန်တော် အတော် အံ့ အားသင့်သွားသည်။ ကျွန်တော့်မှာ စာပေအဝန်းအဝိုင်းမရှိဘဲ စိတ်ကူးတည့်ရာ ရေးသားလက်တည့်စမ်းနေရာက “လူထုမိသားစု” လို စာ ပေသြဇာကြီးမားသော အဝန်းအဝိုင်းက မျက်ခြည်မပြတ်ဘဲ သတိပြုနေသည်ဆိုတော့ ဘယ့်နှယ် မအံ့သြဘဲ ရှိပါ့မလဲ …။ အံ့သြမှုနှင့်အတူ ဝမ်းသာပီတိလည်း ဖြစ်မိသည်။ ကျွန်တော်မှန်း ဘယ်လိုလုပ်သိတာလဲ …။ ပို၍ အံ့သြရသော အချက်ဖြစ်၏။ နောက်မှ သတိထားမိသည်။ ထိုစာမူမှာ ကလောင်နာမည်က “မောင်ကျော်ဆန်း (မန်းရတနာပုံမြေ)” ဖြစ်သည်။ မန္တလေးသားတွေမှာက ဘယ်လိုမှ ဖုံးကွယ်လု့ိမရ…။ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် ဘယ်နေရာဖြစ်စေ ဆက်စပ်သိရှိနိုင်သည်။ ဆရာဒဂုန်တာရာ၏ စကားနှင့် ပြောရလျှင် “ရေခဲသည် အရည်ပျော်သည်ချည်း …” ပင်။
ကျွန်တော် ဝမ်းသာတာက လူမသိသူမသိ၊ “တက်မလား ဆုတ်မလား” မသိရသေးသော ကလောင်တစ်ချောင်းအပေါ် အသိအ မှတ်ပြုသည့်ကိစ္စဖြစ်သည်။ ကျွန်တော့်ဆီ ရောက်လာသူက “ကိုငြိမ်းချမ်းက ပြောတယ်ဗျ၊ ဒီပြဇာတ်ရေးတာ ခင်ဗျားပဲ ဖြစ်မှာပါဆိုလို့ လာ တွေ့တာ …” ဟု ဆိုသည်။ သူက ထိုပြဇာတ်ကို အော်ပရာအဖြစ် စင်တင်ရန် စိတ်ဝင်စားနေသည်။ နောက်ရက် သူ့အိမ်မှာ ပြန်ချိန်းပြီး စကားပြောဖြစ်ကြသေး၏။ တီးလုံး၊ အဝတ်အစား၊ ဆက်တင် …။ သူက အပြန်ပြန်အလှန်လှန် တွက်ချက်နေသည်။ အခြေအနေအရပ်ရပ် ကြောင့် ကျွန်တော်တို့ လက်လျှော့လိုက်ကြ၏။ သူက မန္တလေး အငြိမ့်အော်ပရာတွေ ရေးသားနေသော “ချမ်းမြေ့အေး” ဖြစ်သည်။ ငြိမ်း ချမ်းရေး ခင်စောထွေး အငြိမ့်မှာ သူ့အော်ပရာတွေက လင်းလက်ရွှမ်းမြကာ ပန်းနုရောင်သန်းနေသည်။ အမည်ရင်းက “ကိုအေးကျော်”ဖြစ် ၏။
“ကိုငြိမ်းချမ်းက သူ့ဆီကိုလည်း အလည်လာပါဦးလို့ မှာလိုက်တယ်” ဟူသော ပဋိသန္တာရစကားကြောင့် ပို၍ဝမ်းသာရသည်။ ဤသို့ဖြင့် ကျွန်တော်အားသော ရက်တစ်ရက်၏ ညနေခင်းမှာ လက်ဆည်ကန်က လူထုစာအုပ်တိုက်သို့ ကျွန်တော်တစ်ဦးတည်း ရောက်ရှိ သွားတော့သည်။
-ဝ- -ဝ- -ဝ-
ဧည့်ခန်း၏ အင်္ဂါထောင့်မှာရှိသော လောကနတ်ရုပ်ထုက ပြတင်းပေါက်မှ ဝင်လာသည့် အလင်းရောင်တွင် ရုပ်လုံးကြွနေသည်။ ကျွန်တော်က ကျောဘက်နံရံမှာ ချိတ်ထားသော ဆရာပေါ်ဦးသက်၏ နာမည်ကျော် “ရွှေတိဂုံ” ဆီဆေးကားကြီးကို နောက်ပြန်လှည့်ကြည့် မိသည်။ ယာဘက်နံရံက မှန်ကောင်တာပေါ်မှာ ဘကြီးမှိုင်းက ကွမ်းအစ်ကို ရှေ့ချာ ထိုင်နေသည်။ ဒါကလည်း ဆရာပေါ်ဦးသက် လက်ရာ ဖြစ်၏။ တကယ်တော့သည် ဧည့်ခန်းထဲမှာ ကျွန်တော် … သုံးကြိမ်မက ရောက်ဖူးပါသည်။ ထိုစဉ်က အစ်မ၏ နောက်က အဖော်အဖြစ် ကျို့ကျို့ရို့ရို့လိုက်ပါရခြင်းဖြစ်၏။ အခုအခေါက်က တစ်ဦးတည်းအနေနှင့် ဖိတ်ကြားမှုကြောင့် ရောက်လာရခြင်းဖြစ်သည်။ ကျွန်တော်က သည်ဧည့်ခန်းထဲ သည်လိုပဲ ရောက်ချင်သည်။ ကျွန်တော့်စာတစ်ပုဒ် (ဝါ) ကျွန်တော့်အလုပ်၊ ကျွန်တော့်တရားကြောင့်ပဲ အသိအမှတ်ပြု တာမို့ ရင်ခုန်မိသည်။ ခဏနေတော့ ကိုငြိမ်းချမ်းက ဧည့်ခန်းထဲ ရောက်လာသည်။ ကျွန်တော့်မှာ စာပေအပေါင်းအသင်းတွေ ရှိသလားမေး သည်။ကျွန်တော်က မရှိ …။ စာဖတ်ဝါသနာပါသူ အစ်ကိုဝမ်းကွဲနှစ်ယောက်ပဲရှိကြောင်း ပြောဖြစ်သည်။ ဘာတွေရေးဖြစ်သလဲ၊ ဘာစာအုပ် တွေ ဖတ်ဖြစ်သလဲ … စသည်ဖြင့် မေးမြန်း၏။ “ဒီမှာ ကျွန်တော်နဲ့အတူ စာပေဝိုင်းဖွဲ့ဖြစ်တယ်။ ကျူရှင်ဆရာတွေပါတယ်။ ဆရာဝန်တွေပါ တယ်။ ခင်ဗျားအားရင် လာခဲ့ပါလား …။ နေ့ပိုင်းမှာ တစ်ခါတစ်လေ ကိုငယ်(ကျောက်ဆည်)ရဲ့ ဆိုင်မှာ ဆုံဖြစ်တယ်။ ညပိုင်းမှာလည်း ညဈေးတန်းထိပ်က ကိုငယ့်ဆိုင်မှာ ရှိတတ်ကြတယ်” ဟု ဖိတ်မန္တက ပြုသည်။
၁၉၈၄ ခုနှစ်ဦးကျားကြီးဝင်း မီးလောင်ပြီးစ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ရုံတော်ကြီးရပ်က မီးလောင်ထားသော နဂါးကမ္ဘာလုံးတိုက်ရှေ့ ဆင်ဝင် သမံတလင်းမှာ ကိုငယ်(ကျောက်ဆည်) ၏ “ရွှေဣန္ဒြေ” စာအုပ်ဆိုင်ရှိသည်။ ထိုဆိုင်ဆီသို့ မြောက်ပြင်က ဆရာသိုက်ထွန်းသက်က ခန်းမ(၂)အောက်ရှိ ကုန်သွယ်လယ်ယာရုံးသို့လာ ရင်း ရောက်လာသည်။ ဆရာပြေ(ဆေး-၂)လာသည်။ ဆရာညီပုလေးလာသည်။ ဆရာဒေါက်တာအောင်ကျော်ဦးလာသည်။ ဆုံလေ့ရှိသူ တွေကတော့ ဆရာရဲသျှမ်း၊ ဆရာဝင်းစည်သူ၊ ဆရာကြည်ဇော်ဝင်း၊ ဆရာညိုထွန်းလူ၊ ဆရာကျော်ရင်မြင့်တို့ ဖြစ်မည်။ ကျွန်တော်က နဂါး ကမ္ဘာလုံးတိုက်ရှေ့က “ရွှေဣန္ဒြေ”မှာ တစ်ခါတစ်ရံ ရောက်တတ်သည်။ “ဆယ့်နှစ်မျက်နှာ နာရီစင်ဝတ္ထုတိုများ” အတွက် အားကောင်း မောင်းသန် စုစည်းစီစဉ်နေကြသည်က ကျွန်တော်က အားကျစွာ မော့ကြည့်နေမိသည်။ ဘာပဲပြောပြော … ကျွန်တော်ကလည်း စပယ်ဖြူ မှာ …၊ သဘင်မှာ … ဆောင်းပါးလေးတွေ အဆက်မပြတ်ရေး …။ ကျွန်တော် တွေ့ကြုံသိကျွမ်းလိုသော မန္တလေးစာရေးဆရာများနှင့် စတင်သိကျွမ်း …။ ကျွန်တော် လေးစားကြည်ညိုသော “လူထုမောင်နှံ” နှင့်လည်း ထိစပ်နာခံနိုင်မည့် အခွင့်အလမ်းပေါ်ပြီမို့ ကျေနပ်နေမိပါ ၏။ သို့သော် … လူထုဦးလှ(ဦးလေးလှ) ကိုတော့ ဆုံရန်ကြုံရန် အခွင့်မသာတော့ပြီ။ ၁၉၈၂ ခုနှစ် သြဂုတ်လ ၇ရက်နေ့ကတည်းက လူထု ဦးလှ ကွယ်လွန်ခဲ့ချေပြီ။
ထိုစဉ်က ကျွန်တော့်မှာ ကင်မရာလေး နှစ်လုံးရှိသည်။ ၁၉၇၉-၈၀ ကတည်းက မန္တလေးဗဟိုမီးသတ်ကြီးအရှေ့ဘက် ၈၁ လမ်း ပေါ်ရှိ ကျွန်တော့်ဦးကြီး၏ “လှဂုဏ်ရည်” ဓာတ်ပုံတိုက်မှာ ဓာတ်ပုံပညာ သင်ယူခဲ့သည်။ အစ်ကိုဝမ်းကွဲ ဦးကျော်ဝင်း (ကျော်ဝင်း-လှဂုဏ် ရည်)ထံမှာ ဓာတ်ပုံပညာ သင်ယူခဲ့ပြီး အောက်ဒိုးဓာတ်ပုံရိုက်ဖြစ်၏။ မိတ်ဆွေဖြစ်သူ ကိုသိန်းဆွေနှင့် တွဲဖက်၍ဖြစ်သည်။ တောင်လေးလုံး ပရိဝုဏ်မှာ ကျင်းပသော လူထုဒေါ်အမာ မွေးနေ့ပွဲများ၊ စာရေးဆရာမ နုနုရည်(အင်းဝ)၏ အမျိုးသားစာပေဆုရ ဂုဏ်ပြုပွဲနှင့် မန္တလေးမှာ ကျင်းပသော စပယ်ဖြူမဂ္ဂဇင်းမိတ်ဆက်ပွဲ၊ မိုးဦးပန်း မဂ္ဂဇင်းမိတ်ဆက်ပွဲ၊ သရဖူမဂ္ဂဇင်းမိတ်ဆက်ပွဲတွေမှာ ကျွန်တော့်ကင်မရာလေးတွေက အသုံးဝင်နေသည်။ ထိုစဉ်က နောက်ဆုံးပေါ်ဖြစ်နေသော Nikon FM, Pentex-MG (200 mm wide zoom) မို့ ပွဲလယ်တင့်သည်။ ထားပါ တော့ …။
နောက် … ဒေါ်ဒေါ်(လူထုဒေါ်အမာ)က သူရေးသားသော ဆောင်းပါးများအတွက် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ခိုင်းသောအခါ လူထုတိုက်သို့ ဝင်ထွက်လာရသည်။ မှတ်မှတ်ရရ အိမ်တော်ရာထီးအကြောင်း ဆောင်းပါးရေးသောအခါ … အိမ်တော်ရာ ဆင်တံတားပေါ် က ဒေါ်ဒေါ့်မိတ်ဆွေတွေဆီ ကျွန်တော့်ကို လွှတ်သည်။ အချက်အလက်အချို့ မေးမြန်းရသည်။ မေးမြန်းမှတ်သားချက်တွေကို ဒေါ်ဒေါ့်ထံ ပြန်ပြောသည်။ ထိုအခါ … လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ အရေးကြီး၊ အဓိကကျသော မေးခွန်းတွေအကြောင်း ဒေါ်ဒေါ်က သင်ပေသည်။
“လုပ်ငန်းနဲ့ပတ်သက်ပြီး မေးရမြန်းရတော့ သူတို့က အားချင်မှလည်း အားမယ်၊ အလုပ်ရှုပ်နေချင်လည်း ရှုပ်မယ် …။ ဒီအခါ အခြေအနေကို ကြည့်ကွယ် …။ ကိုယ်က ကြိုပြီး ချိန်းချက်သွားတာမျိုးမဟုတ်ရင် ပိုသတိထားရမယ်။ မေးတဲ့မြန်းတဲ့အခါ ပိုပြီးထိရောက် အောင် ကိုယ်မေးမယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားရမယ်ကွယ့် …” ဟု ပြောပြသည်။ ထို့နောက် အောက်ထပ်စာကြည့် ခန်းထဲရှိ အိမ်တော်ရာထီးတစ်ချောင်းကို ယူလာသည်။ ကျွန်တော်ကလည်း အိမ်တော်ရာထီးကို ယခုမှ မြင်ဖူးသည်။ ထီးရိုးဝါး၊ ဝါးကိုင်းတံ များနှင့် ပိတ်ထီးရွက်ဖြစ်သည်။ ထီးရွက်မှာ “သစ္စေး ဟင်္သပြဒါးများ သုတ်လိမ်ထားသည်။ လက်ကိုင်ကလည်း သစ်သားပွတ်လုံးထိုးဖြစ်၏။ ဘုန်းကြီးဆောင်းထီးများနှင့်တူသည်။ သို့သော် လူဆောင်းနှင့် ဘုန်းကြီးကျောင်းကို ကွဲပြားအောင် ပြုလုပ်ထားသည်။
“တို့မှာလည်း အိမ်တော်ရာထီးက ဒီတစ်ချောင်းပဲ ရှိတော့တာ … ဆင်တံတားပေါ် မင်းသွားမေးတုန်းက သူတို့မှာလည်း ဘိုးဘွား အမွေအနေနဲ့ သိမ်းထားတဲ့ ထီးတစ်ချောင်းပဲ ရှိတာ။ လောလောဆယ် ရှာလို့ မရသေးဘူးတဲ့လား…။ အေးကွယ် … မန္တလေးမှာ တစ်ချိန် ထင်ရှားခဲ့တဲ့ အိမ်တော်ရာထီးဆိုတာ နောက်လူတွေ မြင်ဖူးဖို့တောင် မလွယ်တော့ဘူးကွယ်” ဟု ဝမ်းနည်းစကား ဆိုသည်။
သြော် … ကမ္ဘာကျော်သတင်းစာဆရာ၊ စာရေးဆရာမကြီးပေမင့် အခုမှတွေ့ကာ လူငယ်ကလောင်ပေါက်စလေးတစ်ယောက် အပေါ် ဖေးဖေးမမ … သိမ်သိမ်မွေ့မွေ့နှင့် တန်ဖိုးထားသင့်သည့်အရာများအပေါ် တန်ဖိုးထားတတ်၊ လေးစားသင့်သည့်အရာများအပေါ် လေးစားတတ်အောင် ညင်သာစွာ သင်ကြားပေးမှုများပဲဖြစ်သည်။ အိမ်တော်ရာထီးလေးကို ကျွန်တော့်လက်ထဲထည့်ပြီး …
“ဒီထီးလေးကို ဓာတ်ပုံရိုက်ပေးကွယ်၊ ဒီလိုထောင်ရက်လေးရော၊ ထီးဖွင့်ပြီးရော …၊ ပြီးတော့ မင်းဇနီးလေးကိုလည်း ထီးလေး ဆေင်းပြီး ရိုက်ခဲ့ …၊ ပုံတွေရရင် အမေ့ဆီလာပေး …၊ မင်းကျသင့်သလောက် အမေပေးမယ်” ဟု ဆိုသည်။
ဒေါ်ဒေါ်က ကျွန်တော့်ကို “အမေက” … “အမေက” … ဟုဆိုသော်လည်း ကျွန်တော်က ကျွန်တော့်အထက် မျိုးဆက်များကဲ့သို့ “ဒေါ်ဒေါ်” ဟု ခေါ်နေမိသည်။ “ဒေါ်ဒေါ်”ဟူသည် နှလုံးသားထဲက ဝိသေသတစ်ခုပမာ စွဲထင်နေချေပြီ။
နောက် … ကျွန်တော် ရိုက်ကူးခဲ့သော ဓာတ်ပုံလေးများနှင့် ဒေါ်ဒေါ်၏ “အိမ်တော်ရာထီး” ဆောင်းပါး စပယ်ဖြူမဂ္ဂဇင်းမှာ ပါလာ တော့ အတိုင်းမသိ ဝမ်းမြောက်ရသည်။ လူထုတိုက်နှင့် မျက်နှာချင်းဆိုင် “နဂါးဆေးလိပ်” တိုက်အောက် အရိပ်က “စက်အေးဖျော်ရည်” ဆိုင်လေးက ဖျော်ရည်တစ်ခွက် မှာသောက်ရင်း ငေးကြည့်ခဲ့ရ၊ မော့ကြည့်ခဲ့ရသည့် “လူထု”တိုက်ထဲမှာ မမြင်ဖူးခင်ကတည်းက စာတွေ ကြောင့် ကြည်ညိုလေးစားရသော လူထုဒေါ်အမာကိုယ်တိုင် ဖေးကူမမှုဖြင့် လှေကားတစ်ထစ်ချင်း တက်လာမှုကို ကြည်နူးဝမ်းမြောက် မဆုံး ဖြစ်ရသည်။ ဤသို့ဖြင့် ဒေါ်ဒေါ် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ပေးရတော့သည်။ မိကျောင်းတံတား၊ ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချို တော်၊ ဘီလူးမညောင်ပင်၊ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ကျောက်စာများ … စသည်။
ကျွန်တော် တကယ်ဖြစ်ချင်တာက စာရေးဆရာဖြစ်သည် ..၊ ထို့ကြောင့် တစ်ဖက်က လိုအပ်သော ဓာတ်ပုံတွေရိုက်သည်။ စာတွေအဆက်မပြတ်အောင် ရေးဖြစ်သည်။ စပယ်ဖြူမှာ အများဆုံးပါသည်။ စပယ်ဖြူမှာပါတော … ဒေါ်ဒေါ်လည်း လွယ်လင့်တကူ ဖတ် ဖြစ်နေသည်။ ဖတ်ပြီးတိုင်းလည်း ကျွန်တော့်ဆောင်းပါးလေးများအပေါ် အားပေးသည်။ အမှားပါလျှင် ထောက်ပြသည်။ လိုသည့်အချက် တွေ ဖြည့်စွက်သည်။ လိုအပ်ပါက ဒေါ်ဒေါ့်စာကြည့်စားပွဲပေါ်က စာအုပ်စာတမ်း၊ ဓာတ်ပုံများကိုပါ လေ့လာကြည့်ရှုစေသည်။
ကျွန်တော် … ဒေါ်ဒေါ့်ကို မမြင်ဖူးခင်ကတည်းက … သူ့စာများကတစ်ဆင့် “တရား” ကို မင်ခဲ့တာပဲ …။ ဒေါ်ဒေါ် ယုံကြည်သော “တရား”ကို ကျွန်တော် မျှဝေယူလိုခြင်း ဆန္ဒဖြင့် ချဉ်းကပ်ခဲ့တာပဲ …။
ဤသို့ဖြင့် … ကျွန်တော်တို့သည် “သတင်းစာပညာ” ကိုလည်း … ဒေါ်ဒေါ့်ထံမှ မထင်မှတ်ဘဲ သင်ယူခွင့်ရရှိခဲ့သည်။ သတင်း ခေါင်းစီး၊ သတင်းရှုထောင့်၊ သတင်းနေရာယူပေးမှု၊ လူထုနှင့်တစ်ထပ်တည်းကျသော သတင်းရပ်တည်ချက် …၊ မှန်ကန်မှုနှင့် အချိုးညီ မြန်ဆန်မှု …။ ထို့နောက် … အကင်းပါးမှု …။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW