အောက်တိုဘာ ၁၃ – ၂၀၂၅
SN (VOM)
နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်၊ မနက်ပိုင်းက အမျိုးသမီးတယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက် စေတနာ လူမှုကူညီရေးအသင်းမှ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ ဒီကနေ့ မနက် ၅ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၃ နှစ်အရွယ်ရှိ မအေးပြုံးဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်မှာ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ အလုပ်သွားဖို့အတွက် အိပ်ရာကထလာချိန် နေအိမ် အပေါ်ထပ် အရှေ့ခန်း၊ အမိုးထုပ်တန်း အမြင့် ၇ ပေခန့်မှာ သေဆုံးသူကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တယောက်က “ကျွန်တော်တို့သိတဲ့ အချိန်ကတော့ မနက် ၆ နာရီလောက်ပေါ့။ နယ်မြေရဲစခန်းကနေ ကျွန်တော်တို့ဆီ လှမ်းပြီး အကြောင်းကြားတဲ့အတွက် ရုပ်အလောင်းကို ဆေးရုံပို့ဖို့ ရောက်သွားတာပါ။ ဘာကြောင့် သူဒီလိုလုပ်သွားလဲ၊ စိတ်ခံစားချက် ဘယ်လိုရှိလဲ ဆိုတာတော့ ကျွန်တော်တို့လည်း သေချာ မသိပါဘူး” လို့ ပြောပါတယ်။
အသင်းအနေနဲ့ သေဆုံးသူကို ဇေယျာသီရိ ကုတင် ၅၀ ဆေးရုံကို အရင်ဆုံး ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီကနေတဆင့် ပုဗ္ဗသီရိမြို့နယ်ရှိ ကုတင် ၃၀၀ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မကွေးတိုင်း၊ မကွေးမြို့နယ်မှာ အသက် ၃၁ နှစ်အရွယ်ဝန်းကျင် အမျိုးသားတယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီ အောက်တိုဘာ ၈ ရက်နေ့မှာပဲ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လူမှုကူညီရေး အသင်းတသင်းမှ တာဝန်ရှိသူ တယောက်ကတော့ သူ့ရဲ့ အတွေ့အကြုံအရ ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ပိုပြီး အဖြစ်များလာတယ်လို့ ပြောပါတယ်။
ဓာတ်ပုံ – စေတနာ လူမှုကူညီရေးအသင်း
