နိုဝင်ဘာ ၆ – ၂၀၂၅
SN (VOM)
တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” ကြောင့် လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ နိုဝင်ဘာ ၆ ရက်၊ မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) ဟာ လက်ရှိမှာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
“ဒီ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန်ကြောင့် နိုဝင်ဘာ ၈ ရက်ကနေမှ ၁၀ ရက်၊ ၁၁ ရက်လောက်အထိ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေ၊ မြစ်ဝကျွန်းပေါ် ဒေသတွေ၊ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာတော့ မိုးရနိုင်တယ်။ ပြီးခဲ့တဲ့ တခေါက်တုန်းကလောက်တော့ မိုးမများနိုင်ပေမယ့် တောင်ပိုင်း ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးတာတော့ ရှိနိုင်တဲ့အတွက် အဲဒီဒေသကတော့ အထူး သတိပြုဖို့လိုတယ်” လို့ မိုး/ဇလ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ တည်နေရာ၊ ဗဟိုချက်လေဖိအားနဲ့ လေတိုက်နှုန်းကတော့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန်မှာ မြောက်လတ္တီကျု ၁၃ ဒသမ ၂ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၁၁၁ ဒသမ ၅ ဒီဂရီမှာ ရှိနေပြီး ဗဟိုချက်လေဖိအား ၉၄၀ ဟက်တိုပါစကယ်ရှိကာ အမြင့်ဆုံး လေတိုက်နှုန်းကတော့ တနာရီကို မိုင် ၁၀၀ နှုန်းခန့် ရှိနေတယ်လို့ သိရပါတယ်။
အဲဒီ တိုင်ဖွန်းမုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
“မိုးနည်းနည်း ရွာလိုက်ပြီဆိုရင် နောက်ဆက်တွဲ အနေနဲ့က ရေကြီးရေလျှံတဲ့ ကိစ္စတွေပေါ့။ တောင်ကုန်းတောင်တန်း ဒေသတွေမှာ လျှပ်တပြက် ရေကြီးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်တယ်။ နောက်ပိုင်း ပြောင်းလဲလာတဲ့ ရာသီဥတု အခြေအနေကြောင့်လည်း မိုးရွာတဲ့အချိန်ဆို အချိန်တိုအတွင်း အမြောက်အများရွာတဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်တယ်။ ဒါမျိုးတွေလည်း သတိပြုဖို့ လိုတယ်” လို့ သူက ပြောပါတယ်။
တောင်ကုန်းတောင်တန်း ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အထူး သတိပြုရမှာကတော့ မိုးရွာသွန်းပြီဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ မြေပြိုမှု ဘေးအန္တရာယ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ လာအိုနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းစဉ် ကာလမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းလောက်မှာ လေဖိအားနည်း ဆဲလ်တခု ဖြစ်လာနိုင်တဲ့ အနေအထားမျိုး တွေ့ရတဲ့အတွက် လက်ရှိ ကာလအတွင်း မိုးရွာသွန်းမှုတွေကတော့ ဆက်လက် ရှိနေနိုင်သေးတယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့် စိုက်ရေးပျိုးရေး လုပ်နေတဲ့ တောင်သူတွေအနေနဲ့ သီးနှံတွေ မိုးမစိုဖို့ သတိပြုဖို့လိုသလို ပင်လယ်ပြင်မှာ သွားလာနေတဲ့ ပြည်သူတွေ အနေနဲ့ကလည်း ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်း ကျတာမျိုးတွေ ရှိလာနိုင်တဲ့အတွက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ခရီးသွား ပြည်သူတွေအနေနဲ့ ဒီဖြစ်စဥ်ကိုလည်း သတိပြုသင့်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းလာပါလည်း အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းတလျှောက်မှာ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းတွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ဒီသဘာဝ ဘေးတွေကိုလည်း သတိပြုရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရာသီဥတုကလည်း ဒီကာလက နည်းနည်းလေးပြန်ပြီး ပူလာတဲ့အခံရှိတယ်။ မိုးတွင်းကာလ မိုးရွာထားတဲ့ အတွက်ကြောင့်လည်း မြစ်တွေ၊ ချောင်းတွေက ရေပြည့်ဝနေတဲ့ အခြေအနေမျိုးလည်းရှိတော့ ဒီဟာတွေက နေပူလိုက်တဲ့အချိန်မှာ အငွေ့ပျံပြီးတော့မှ အပေါ်ကိုတက်ပြီး မိုးတိမ်တောင်တွေ ဖြစ်တယ်။ အဲဒီလို မိုးတိမ်တောင်တွေ ဖြစ်လာပြီဆိုရင် လေပြင်းတိုက်၊ မိုးကြိုးပစ် ဖြစ်စဉ်တွေ ဖြစ်တတ်တဲ့အတွက် ဒါမျိုးတွေကိုလည်း သတိပြုဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် နိုဝင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်းမှာလည်း လေပွေလှိုင်းတခု ထပ်မံ ဖြစ်ပေါ်နိုင်တဲ့အတွက် စောင့်ကြည့်ရမယ့် အနေအထားမျိုး ရှိနေပြီး အဲဒီ လေပွေလှိုင်းနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းလာနိုင်တဲ့ တိမ်တိုက်တွေ ပေါင်းဆုံသွားပါကလည်း လေဖိအားနည်းရပ်ဝန်းတွေ ဆက်လက် ဖြစ်ပေါ်နိုင်ခြေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
လက်ရှိကာလဟာ မုန်တိုင်းရဲ့ ဒုတိယရာသီ ဖြစ်တဲ့အတွက် လာမယ့် ဒီဇင်ဘာလလောက်အထိ ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ရှိနေဦးမယ့် အနေအထားမျိုး တွေ့ရှိရတာကြောင့် မိုးရွာသွန်းမှုတွေကတော့ အခုနှစ်ကုန်ပိုင်းအထိ အနည်းအများ ဆိုသလို ရှိနေနိုင်သေးတယ်လို့ သူက ပြောပါတယ်။
Photo – DMH
