SN (VOM)
မြန်မာနိုင်ငံဟာ အထွေထွေ ရွေးကောက်ပွဲတွေကို လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ နီးပါး ကာလအတွင်း ရွေးကောက်ပွဲ အကြိမ်ရေ စုစုပေါင်း ၁၇ ကြိမ်အထိ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
ဘုရင်စနစ်ကို ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ၁၉၂၂ ခုနှစ် မတိုင်မီက ရွေးကောက်ပွဲဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်မှာတော့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး အသိအမြင်တွေ တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်တွေကို တိုးမြှင့် ပြောင်းလဲပေးခဲ့ရပါတယ်။
၁၉၂၀ ပြည့်နှစ်မှာ ဂျီစီဘီအေ အသင်းကြီး ပေါ်ပေါက်လာပါတယ်။ အသင်းကြီးအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Home Rule) ကို တောင်းဆိုခဲ့ပေမယ့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးမြှင့်မပေးဘဲ ဒိုင်အာခီ (Dyarchy) လို့ ခေါ်တဲ့ နှစ်ဦးနှစ်ဖွဲ့ အုပ်ချုပ်ရေး စနစ်ကို တိုးမြှင့် ဖော်ဆောင်ပေးခဲ့ပါတယ်။
ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည် ဖော်တဲ့အခါ ဥပဒေပြု ကောင်စီအတွက် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရွေးကောက်ပွဲအဖြစ် သမိုင်းမှတ်တမ်း ဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ပြန်ပြီး လေ့လာကြည့်မယ်ဆိုရင် ကိုလိုနီခေတ်ဖြစ်တဲ့ ၁၉၂၂ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ ရွေးကောက်ပွဲ ခြောက်ကြိမ်၊ ပါလီမန် ဒီမိုကရေစီခေတ် ဖြစ်တဲ့ ၁၉၅၁ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ ရွေးကောက်ပွဲ သုံးကြိမ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်ဖြစ်တဲ့ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ ရွေးကောက်ပွဲ လေးကြိမ် ကျင်းပခဲ့တာ တွေ့ရပါတယ်။
မြန်မာ့လွတ်လပ်ရေး ရရှိပြီးတဲ့နောက် အစောပိုင်းကာလမှာ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး အထွေထွေ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာပါ။ ၁၉၅၁ – ၁၉၅၂ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကတော့ လွတ်လပ်ရေး ရပြီးတဲ့နောက် ပထမဆုံး ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ဖြစ်တယ်လို့ မှတ်သားရပါတယ်။
အဲဒီ ရွေးကောက်ပွဲကို ပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်အထိ သုံးကြိမ်ခွဲကာ အပိုင်းလိုက် ကျင်းပခဲ့ရတယ်လို့ သိရပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) က အများစု အနိုင်ရခဲ့ပြီး ဦးနုက ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူခဲ့ပါတယ်။
ပထမအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ၁၉၅၂ ခုနှစ်၊ မတ်လ ၃ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ ဖဆပလ အစိုးရကို ၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ပါလီမန်ဖွဲ့စည်းပုံမှာ လွှတ်တော်နှစ်ရပ် ပါဝင်ခဲ့ပါတယ်။ ပထမ လွှတ်တော်ကတော့ ပြည်သူတို့က လူဦးရေအလိုက် အချိုးကျ ရွေးကောက် တင်မြှောက်တဲ့ အမတ်ဦးရေ ၂၅၀ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်ပါ။ ဒုတိယ လွှတ်တော်ကတော့ လူဦးရေအလိုက် မဟုတ်ဘဲ တိုင်းရင်းသား လူမျိုးအလိုက် နေရာသတ်မှတ်ပေးပြီး ရွေးကောက် တင်မြှောက်တဲ့ အမတ် ၁၂၅ ယောက် ပါဝင်တဲ့ လူမျိုးစုလွှတ်တော် ဖြစ်ပါတယ်။
ဒုတိယအကြိမ် ပါလီမန် အထွေထွေ ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် မဲဆန္ဒနယ် ၂၅၀ အနက် ၂၂၀ မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖဆပလနဲ့ ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွှတ်ရေး တပ်ပေါင်းစုပါတီ) ကြီးနှစ်ခုအနက် ဖဆပလက ကပ်ပြီး အနိုင်ရသွားပါတယ်။
တတိယအကြိမ် ပါလီမန် အထွေထွေ ရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရက ၁၉၆၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ ဦးနုနဲ့ သခင်တင်တို့ ဦးဆောင်တဲ့ သန့်ရှင်း ဖဆပလ နဲ့ ဦးကျော်ငြိမ်းနဲ့ ဦးဘဆွေတို့ ဦးဆောင်တဲ့ တည်မြဲ ဖဆပလတို့ ပြိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သန့်ရှင်း ဖဆပလက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
အဲဒီ ရွေးကောက်ပွဲဟာ ပါလီမန် ဒီမိုကရေစီခေတ်ရဲ့ နောက်ဆုံး ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းအတွက် ရွေးကောက်ပွဲ မင်းကြီးချုပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တယ်လို့ လေ့လာ သိရှိရပါတယ်။
၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာရယူခဲ့ပြီး မြန်မာနိုင်ငံဟာ တပါတီစနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်ကို ရောက်ရှိခဲ့ပါတယ်။ မဆလခေတ်မှာ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ အထွေထွေ ရွေးကောက်ပွဲ လေးကြိမ် ကျင်းပခဲ့ပါတယ်။
ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာတော့ တပ်မတော်က ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်အမှတ် ၁/၈၈ ကို ထုတ်ပြန်ပြီး နိုင်ငံတော်ရဲ့ အာဏာကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အမည်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာတော့ နဝတက အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကာလအတွင်း ရွေးကောက်ပွဲ တကြိမ်သာ ကျင်းပပေးနိုင်ခဲ့ပေမယ့်လည်း နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် အဆင်သင့် ဖြစ်နေစေဖို့ လိုအပ်ချက်များစွာကို ကြိုတင် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးစွာ ရေးဆွဲ အတည်ပြုပြီးမှ ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ အစိုးရဖွဲ့ခြင်းကို ဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ် အစုအဖွဲ့ အစုံအလင် ပါဝင်တဲ့ အမျိုးသားညီလာခံ ကျင်းပပြီး အခြေခံမူတွေ ချမှတ်နိုင်ဖို့ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒီအတွက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ အမျိုးသားညီလာခံကို စတင် ကျင်းပခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော် တရားသူကြီးချုပ် ဦးအောင်တိုး ခေါင်းဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ဟာ အမျိုးသားညီလာခံမှ ရရှိတဲ့ အခြေခံမူတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ရေးဆွဲခဲ့ပါတယ်။ အဲဒီ မူကြမ်းဟာ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနှစ်၊ မေလ ၂၉ ရက်နေ့မှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။
၂၀၀၉ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲတွေအတွက် အခြေခံဥပဒေ ရှိလာပြီဖြစ်တာကြောင့် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ရွေးကောက်ပွဲ စတင် ကျင်းပပေးခဲ့ပါတယ်။ ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်ဖြစ်တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကြားဖြတ် ရွေးကောက်ပွဲ သုံးကြိမ် အပါအဝင် ရွေးကောက်ပွဲ ခြောက်ကြိမ် ကျင်းပခဲ့ပါတယ်။
ခေတ်သစ် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ပြည်ထောင်စု၊ တိုင်း/ပြည်နယ် (ဒါမှမဟုတ်) ဒေသ ဆိုပြီး အဆင့်တွေ သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ခေါင်းဆောင် တင်မြှောက်တဲ့ ကိုယ်စားလှယ်အဖွဲ့က နိုင်ငံအဆင့်မှာ နိုင်ငံတော်ရဲ့ အကြီးအကဲ၊ သမ္မတတို့ကို ရွေးချယ်ကြပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၊ သမ္မတ၊ အစိုးရအဖွဲ့တို့ရဲ့ သက်တမ်းဟာ ငါးနှစ် ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများဆုံး ရရှိခဲ့ပါတယ်။။
အဲဒီနောက် လွှတ်တော်အစည်းအဝေးတွေ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါအပြင် လွှတ်တော်က ရွေးကောက်တင်ပြတဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အစိုးရအဖွဲ့၊ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ညင်သာချောမွေ့စွာ ကူးပြောင်း ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ဆက်လက် ကျင်းပခဲ့ပါတယ်။ လွှတ်တော်သုံးရပ်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နယ်အတွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါဝင်လာခဲ့ပြီး မဲဆန္ဒနယ် အများစုမှာ အနိုင်ရရှိခဲ့တာကို တွေ့ရပါတယ်။
လွှတ်တော် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ပါတီက ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါတယ်။
လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုးနေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ခုနစ်နေရာတို့အတွက် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကိုးနေရာ၊ တိုင်းရင်းသား ပါတီပေါင်းစုံက ရှစ်နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ်နေရာ ရရှိခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ လွှတ်တော် ဒုတိယသက်တမ်းရဲ့ ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လေးနေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တနေရာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ရှစ်နေရာ၊ စုစုပေါင်း ၁၃ နေရာအတွက် ၂၄ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။
လစ်လပ်နေရာ ၁၃ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ခုနစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက တနေရာ ရရှိခဲ့ပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီက တနေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ တသီးပုဂ္ဂလ တနေရာ အနိုင်ရရှိခဲ့ကြပါတယ်။
လွှတ်တော် တတိယသက်တမ်းအတွက် တတိယအကြိမ် ရွေးကောက်ပွဲကိုတော့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ကြပါတယ်။ နိုင်ငံရေးပါတီ ၉၃ ပါတီ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၆၃၉ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ယာယီသမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ် တာဝန်ပေးခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်တွေလည်း ပယ်ဖျက်ခံခဲ့ရပါတယ်။
အခု ၂၀၂၅ ခုနှစ်မှာတော့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးဟာ ပြန်လည်အသက်ဝင် လှုပ်ရှားလာတော့မှာ ဖြစ်ပါတယ်။ လွှတ်တော် အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း (၁) ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ကျင်းပတော့မှာပါ။
ရွေးကောက်ပွဲ ဆိုတာဟာ နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ မဖြစ်မနေ ဖြတ်သန်းရတဲ့ အရာတခု ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာကတော့ ပြည်သူအုပ်ချုပ်ခြင်း၊ ပြည်သူ့အစိုးရ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေဟာ ပြည်သူ့အတွက်၊ ပြည်သူ့ကိုယ်စား စီမံအုပ်ချုပ်ပေးမယ့် ပြည်သူ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးရတဲ့ ပွဲတခုလို့ ဆိုရင်လည်း မမှားပါဘူး။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်မဲပေး ရွေးချယ်ကြဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုပြီး ပြည်သူ့အကျိုးကို အမှန်တကယ် သယ်ပိုး ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ် အစစ်အမှန်တွေ ပေါ်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။ ။
Photo – CJ
#voiceofmyanmar #VOM #မြန်မာ့ရွေးကောက်ပွဲ #ဆောင်းပါး
