ဇန်နဝါရီ ၁ – ၂၀၂၆
SS (VOM)
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂)၊ ရန်နိုင်ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု ဖြစ်စဉ်အတွင်း နေအိမ် အလုံး ၆၀ ကျော် ဆုံးရှုံးခဲ့ပြီး ပြည်သူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်း (ပျဥ်းမနား) မှ သိရပါတယ်။
မနေ့ ညနေ ၆ နာရီ ၅၅ မိနစ် ဝန်းကျင်မှ စတင်ကာ အချိန် တနာရီဝန်းကျင်ကြာအောင် Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် ၆၂ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကာ လူဦးရေ ၃၄၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
“ဝါယာရှော့ကြောင့် မီးလောင်တာပါ။ အိမ်မှာ မီးဖွင့်ထားခဲ့ပြီး အပြင်သွားတဲ့အချိန် ဝါယာရှော့ဖြစ်ပြီး လောင်တာ။ အဲဒီအချိန် သူတို့အိမ်မှာ လူလည်း တယောက်မှ မရှိကြဘူး” လို့ မိုးစေတနာ ပရဟိတအသင်း (ပျဥ်းမနား) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးဝေက ပြောပါတယ်။
လက်ရှိမှာ မီးဘေးသင့် ပြည်သူတွေကို ပျဥ်းမနားမြို့က တပေါင်းကွင်း ဇာတ်ရုံမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
“မီးလောင်တော့ အကုန်လုံးက လူလွတ်ပဲ ပြေးရတာ။ ဘာပစ္စည်းမှ မရဘူး။ လောလောဆယ် အကူအညီ လိုအပ်နေတာကတော့ ဆောင်းတွင်းဖြစ်နေတော့ အခင်းတွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ လိုအပ်နေတယ်” လို့ သူက ပြောပါတယ်။
အဲဒီ မီးလောင်မှု ဖြစ်စဉ်မှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ခန့်မှန်းခြေ သိန်း ၅၀၀ အထက်မှာ ရှိနိုင်တယ်လို့ သိရပြီး ဆုံးရှုံးမှုတန်ဖိုး အလွန် များပြားနိုင်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံ တယောက်က “ရပ်ကွက်က အိမ်တွေက တအိမ်နဲ့တအိမ် အရမ်းနီးပြီး ထရံကာတွေများတော့ မီးကူးတာ မြန်သွားတာ။ လမ်းတွေကလည်း ကျဥ်းတော့ မီးသတ်ကားလည်း ဝင်လို့မရ ဖြစ်သွားတာ” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုဖြစ်စဉ်ကို နယ်မြေ မီးသတ်ဌာနက ၇ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ Level 1 ယာဥ်အုပ်စု၊ ၇ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ Level 2 ယာဥ်အုပ်စု ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ပြီး ၈ နာရီဝန်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ ညနေပိုင်းက နေပြည်တော် ပျဉ်းမနားမြို့အပြင် မွန်ပြည်နယ်က မော်လမြိုင်မြို့မှာလည်း မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး နေအိမ် လေးလုံးဝန်းကျင် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဒိုဘီချောင်ဝင်းအတွင်း မနေ့ ညနေ ၆ နာရီ မိနစ် ၅၀ ဝန်းကျင်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုးစေတနာ ပရဟိတအသင်း (ပျဥ်းမနား) + ကဗျာဆရာ
