မယ်စဲ့ထောင်က အကျဥ်းသား ၈၀ လောက် သေနတ် ကိုးလက်ယူ​ပြီး ထွက်ပြေး

ဇန်နဝါရီ ၁၈ ၊ ၂၀၂၆
GG (VOM)
ထိုင်း – မြန်မာနယ်စပ် မြို့ဖြစ်တဲ့ ကယားပြည်နယ်၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့ အကျဥ်းထောင်ကနေ ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မနက်၊ အစောပိုင်း ၁ နာရီလောက်က အကျဥ်းသား ၈၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ် ။
အကျဥ်းသားတွေနဲ့အတူ သေနတ် ကိုးလက်လည်း ပါသွားပြီး လွတ်မြောက်သွားတဲ့ အကျဥ်းသားတွေကတော့ တိုက်ပွဲအကြားမှာ ဖမ်းဆီးရမိခဲ့တဲ့ အစိုးရတပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရှိ ရပါတယ်။
” လက်နက်တွေပါ ယူသွားတယ် ။ အကျဥ်းသားက ပထမ သိရတာ ၅၀ ကျော်လို့သိရတယ်။ အဲဒီနောက် ထပ်သိရတာ အခု ၈၀ လောက်လို့ သိရတယ်။ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ လက်နက်တွေ ပါသွားတော့ ပိုစိတ်ပူတယ် ။ ” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေး နေသူက ပြောပါတယ်။
အကျဥ်းသားတွေ ထွက်ပြေးမှုနဲ့ပတ်သက်ပြီး ကပြည်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဆိုတဲ့ အဖွဲ့ကတော့ အကျဥ်းသားတွေ ထွက်ပြေးလွတ်မြောက်တာ မှန်ကန်ကြောင်းသတင်းထုတ်ထားတာ တွေ့ရပါတယ်။
လွတ်မြောက် ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေ နဲ့ပတ်သက်ပြီး အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေး အပါအဝင် လုံခြုံရေးပိုင်းဆိုင်ရာ အစီစဥ်တွေလည်း ချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ အုပ်ချုပ်နေတဲ့ ကယားပြည်နယ်ရှိ အကျဥ်းစခန်းတခုကနေ အကျဥ်းသား ခြောက်ယောက် ထွက်ပြေးလွတ်မြောက် မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW