ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကော့ကရိတ်မြို့မှာ တိုက်ပွဲ ပြင်းထန်နေ

ဇန်နဝါရီ ၁၈ – ၂၀၂၆
SS (VOM)
ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အစိုးရတပ် စစ်ကြောင်းတွေဟာ မနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ စောဟဲ၊ ကောင်းမှုနဲ့ မိပါလဲ့ စတဲ့ ကျေးရွာတွေဘက်ကို အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ကျေးရွာတွေဘက် ရောက်လာတဲ့ အစိုးရစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပေါ့။ မနေ့မနက် ၇ နာရီခွဲလောက်ကစပြီး ညနေပိုင်းအထိ တိုက်ပွဲတွေ မရပ်မနား ဖြစ်ခဲ့တယ်။ တိုက်ပွဲက ဒီ ဇန်နဝါရီလ လဆန်းပိုင်းအထိ ငြိမ်နေပြီးမှ ခုနောက်ပိုင်း ခပ်စိတ်စိတ် ပြန်ဖြစ်လာတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်းကနေ လေယာဉ်၊ ဒရုန်း‌တွေနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိကို အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်ကာ မြေပြင်စစ်ကြောင်းအပြင် ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တကျော့ပြန် ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိပါလဲ၊ နောင်ကိုင်း၊ ကမိုင်ကုန်း၊‌ မောင်းမ အစရှိတဲ့ ကော့ကရိတ် (တောင်ပိုင်း၊‌ မြောက်ပိုင်း) က ကျေးရွာတွေအပါအဝင် ကျုံဒိုးမြို့နယ်ဘက်မှာ ရှေ့တိုးလာတဲ့ အစိုးရတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါကြောင့် မိပါလဲ၊ နောင်ကိုင်း၊ ကမိုင်ကုန်း၊ မောင်းမ အပါအဝင် ထိဖိုးဇံ၊ နန်းရွှေမှုံ၊ စော်ဟဲ၊ နောင်တမံ၊ နောင်ထပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာပေါင်း ၂၀ ဝန်းကျင်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အပိုင်းလိုက်ကျင်းပနေတဲ့ ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တတိယပိုင်းကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကရင်ပြည်နယ်အနေနဲ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး နှစ်မြို့နယ် ပါဝင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW