မေ ၂၃ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ပဲခူးမြို့ ၊ ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဥ်က မနေ့က မေ ၂၂ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ကလေးငယ်တွေဟာ ကျူရှင်ကနေအပြန်မှာ ရေလှောင်တမံအတွင်းကို ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးတဲ့ ကလေးတွေက အသက် ၁၀ နှစ်အရွယ် မောင်ဖြိုးဇာနည်လင်း( EC-ကိုယ်ပိုင်အထက်တန်းကျောင်း) ၊ အသက် ၁၁ နှစ်အရွယ် မပိုးဝတီ(အ.လ.က ၈ ပဲခူး )၊ အသက် ၁၃ နှစ်အရွယ် မစုပုံချစ် (အ.လ.က ၁၀ ပဲခူး) နဲ့ အသက် ၁၀ နှစ်အရွယ် မသဒ္ဒါရွှန်းလဲ့ ( အ.ထ.က ၁ ပဲခူး) တို့ဖြစ်ပြီး Grade 4 ၊ Grade 5 ၊ Grade 6 ကျောင်းသူကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ် ။
” ၁၂ နာရီ ၅၀ ကျွန်တော်တို့ရောက်တယ်။အဲဒိအချိန်ကလေးတွေက ကုန်းပေါ်ရောက်နေပြီ။ သူတို့က ဆိုင်ကယ်တွေနဲ့တက်လာတယ်။ ကျွန်တော်တို့က လူနာတင်ကားတွေနဲ့သွားတယ်။ အဲဒီကမှ ကလေးတွေကိုသယ်ပြီး ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံကြီးရောက်တော့ ကလေးတွေက တယောက်မှ အသက်ပါမလာတော့ဘူး ။ သူတို့က ကျောင်းတွေတော့ မတူပေမယ့် အကုန်လုံးဆွေမျိုးသူငယ်ချင်းတွေလိုနေကြတာ။ အိမ်တွေကလည်း ဟိုဘက်လမ်းဒီဘက်လမ်းပဲ။ ” လို့ မြေပြင်ကူညီရေး သွားရောက်ခဲ့တဲ့
ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်အားလုံးဟာ ပဲခူးမြို့ပေါ် ကျိုက်ပုံရပ်ကွက်က နေထိုင်သူတွေဖြစ်ကြောင်း ၊လက်ရှိမှာ ရုပ်အလောင်းတွေကို ဆေးရုံကနေတဆင့် နေအိမ်ကို ပြန်လည် သယ်ဆောင်ထားပြီး မနက်ဖန် မေ ၂၃ ရက်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂)၊ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေး အသင်း
