ဇွန် ၁၀ – ၂၀၂၆
SS (VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန် ၁၀ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်၊ သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြစ်ခြေရဲစခန်းကို သိမ်းယူနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသတွင်း လက်ကိုင်တပ်တွေက ဓာတ်ပုံတွေနဲ့တကွ သတင်း ထုတ်ပြန်ထားတာမှာ အဲဒီရဲစခန်းကို ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီအကြာမှာ ထိန်းချုပ်နိုင်ခဲ့ကာ တိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ကျဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၄ ယောက် ဖမ်းဆီးရမိတယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် G-3 သေနတ် ၁၈ လက်၊ ၇၉ မမ လက်နက် တလက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တလက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ် လေသေနတ် တလက်၊ ကျည်ကာဦးထုပ် ခုနစ်လုံး၊ G-3 ကျည် ၁၉၀၈ တောင့်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မြစ်ခြေရဲစခန်း တနာရီအတွင်းမှာ အသိမ်းခံရတယ် ဆိုတာက သတင်းလက်ဦးမှုနဲ့ လုံခြုံရေးစည်း ကျိုးပေါက်သွားတာကြောင့်လို့ ယူဆလို့ရပါတယ်။ လမ်းပိုင်း လုံခြုံရေးပိုင်းမှာ အားနည်းချက်တွေ ရှိသွားတဲ့အတွက် လက်နက်ကိုင်တပ်တွေက အချိန်ခဏလေးအတွင်းမှာ ထိန်းချုပ်လို့ရသွားတာပေါ့။ ဒီစခန်းက စစ်တပ်အတွက် နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ အလွန်အရေးပါတဲ့ စခန်းတခုဖြစ်တယ်။ အဲဒီ ရဲစခန်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပြင် ပြည်သူ့စစ် အဖွဲ့ဝင်တွေပါ ပူးပေါင်းပြီး အထိုင်ချထားတာ။ ဒီဒေသရဲ့ ခံတပ်လို့ ပြောရင်လည်း မမှားဘူး” လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အဲဒီရဲစခန်း နေရာဟာ နယ်မြေစိုးမိုးရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက်လည်း အရေးပါပြီး ပခုက္ကူခရိုင်အတွင်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနဲ့ စစ်ရေးကိစ္စတွေကို အဓိက အကာအကွယ်ပေးနိုင်တဲ့အပြင် ထောက်ပို့ရေး လမ်းကြောင်းအတွက်ပါ အချက်အချာကျတယ်လို့ သူက ပြောပါတယ်။
မြစ်ခြေရဲစခန်းကို ဝင်ရောက် စီးနင်းခဲ့တာနဲ့ ပတ်သက်လို့ လက်နက်ကိုင်တပ်တွေရဲ့ သတင်းထုတ်ပြန်ချက်မှာ အစိုးရတပ်ဟာ မြစ်ခြေမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကနေ အခု ဇွန်လ ၂ ရက်နေ့အထိ ပြည်သူလူထုပိုင် နေအိမ်၊ အဆောက်အအုံပေါင်း ၁၀၀၀ ကျော်ကို ဖျက်စီးခဲ့တဲ့အပြင် ဒေသခံပြည်သူ ၂၄ ယောက်ကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် အခုလို လက်တုံ့ပြန်ရခြင်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ၁၄ ယောက်က လက်နက်ချ အညံ့ခံခဲ့တဲ့အတွက် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ စိစစ်ကာ စစ်တရားရုံးတင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပြီး အစိုးရတပ်တွေဘက်ကတော့ မြစ်ခြေရဲစခန်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပခုက္ကူခရိုင်အတွင်း မြစ်ခြေရဲစခန်းအပြင် မေလ ၂၃ ရက်နေ့မှာ မြိုင်မြို့နယ် သရက်ကန်ပြည်သူ့စစ်စခန်း၊ ဇွန် ၃ ရက်နေ့မှာ ပေါက်မြို့နယ် ရေပြာရဲစခန်း၊ ဇွန် ၄ ရက်နေ့မှာ ပေါက်မြို့နယ် ကုက္ကိုလ်စု ပြည်သူ့စစ်စခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မြစ်ခြေမြို့နယ်မှာ စစ်ရေး အခြေအနေတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံဦးရေ နှစ်သောင်းနီးပါးအထိ ရှိနေပြီး စစ်ရှောင်ကာလ လေးပတ်အထိ ရှိလာနေပြီဖြစ်တာကြောင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
“မြစ်ခြေ စစ်ရှောင်တွေက တဖြည်းဖြည်းနဲ့ တိုးလာတာ။ မီးရှို့ခံရတဲ့ ရွာတွေလည်း များပါတယ်။ ပြန်လည် ထူထောင်ရေးလုပ်ဖို့အတွက်လည်း အကူအညီတွေ အများကြီး လိုပါတယ်။ စားနပ်ရိက္ခာအတွက်က တရက်ကို ဆန် အိတ် ၄၀ လောက် ကုန်နေပါတယ်။ အားလုံး နီးစပ်ရာ၊ ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်။ ဆန်တအိတ် ကျပ် တသိန်းတသောင်းက စပါတယ်။ ဆန်အကြမ်းပါ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
မြစ်ခြေဒေသကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့စကပြီး ရေလမ်းကြောင်းမှတဆင့် ညောင်ဦးအခြေစိုက် အမှတ် (၄၁၅) ခြေလျင်တပ်ရင်း ဝင်ရောက်လာသလို ကုန်းလမ်းကြောင်းကနေလည်း ပခုက္ကူတပ်မ (၁၀၁) နဲ့ အောင်လံမြို့က ပြည်သူ့စစ်တပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ဝင်ရောက်လာတာကြောင့် မြို့ပေါ်က ဒေသခံတွေ အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံတွေ တိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
Photo – CJ
