အောင်ပန်းမှာ ထရန်စဖော်မာက ကြေးနန်းကြိုးဖြတ်ခိုးတဲ့ အမျိုးသားဓာတ်လိုက်သေဆုံး

ဇွန် ၁၀ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့ ၊ ရွာသစ်ရပ်ကွက်ရှိ ၊ ပစ္စပ္ပုန်ဘုန်းကြီးကျောင်းဝန်းထဲရှိ ထရန်စဖော်မာ TransFormer က ကြေးနန်းကြိုးကို ​လာခိုးတဲ့ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အောင်ပန်းမြို့ နာရေးကူညီမှုအသင်းဆီက သိရပါတယ်။
မနေ့က ဇွန် ၉ ရက်နေ့ ၇ နာရီလောက်မှာ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးနေတာကို သိရှိရတာဖြစ်ကြောင်း ၊ သေဆုံးသူက အသက် ၂၁ နှစ်အရွယ် ရှိပြီး အောင်ပန်းမြို့ကပဲဖြစ်တယ်လို့ သိရပါတယ်။
” ထရန်စဖော်မာက ကြေးနန်းကြိုးတွေကို လာခိုးရင်း ဓာတ်လိုက်သေဆုံးတာ ။ သေတာကိုတော့ မနေ့က ၆ နာရီလောက်မှာသိရတယ်။ သက်ဆိုင်ရာက အကြောင်းကြားလို့ သွားသယ်တယ်။ ခိုးတာကို ဘယ်လိုသိရလဲ ဆိုရင် ပလာယာတချောင်းတွေ့တယ်၊ ဖုန်းတလုံးတွေ့တယ်။ ကြေးနန်းကြိုးအပိုင်းတွေ့တယ်။ ရဲကသိမ်းသွားတယ်။ ” လို့ အောင်ပန်းမြို့ နာရေးကူညီမှုအသင်းတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ဓာတ်လိုက်သေဆုံးတဲ့ အမျိုးသားကို ဒီနေ့ နေ့လယ်ပိုင်းက သဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်မှာ ဓာတ်ကြိုးတက်ခိုးတဲ့ အမျိုးသားတယောက် ဓာတ်လိုက်ပြီး ဝမ်းဗိုက်ပွင့်က သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာ ၈ ရက်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဇဇ -၇၊ ၅၄ လမ်းနှင့် ၁၀၇(D)လမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်ကို လျှပ်စစ်မီးကြိုး တက်ခိုးတဲ့ အမျိုးသားတယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – နာရေးကူညီမှုအသင်းအောင်ပန်း
.

Related posts

Leave a Comment

VOM News

FREE
VIEW