ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြည်တွင်းမှာ ဘယ်လိုကြည့်နိုင်မလဲ

ဇွန် ၁၂ ၊၂၀၂၆
GG (VOM)
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို စတင်ဖွင့်လှစ်ကျင်းပနေပြီး မြန်မာနိုင်ငံကနေ ကြည့်မယ်ဆိုရင် CANAL + နဲ့ TV360 Application ကနေ ကြည့်ရှူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို CANAL + ကနေဆိုရင် CANAL+ DTT/ DTH စက်ကနေ ချန်နယ်အသစ်အဖြစ်ထည့်သွင်းထားတဲ့ “သုခုမ ကမ္ဘာ့ဖလား ” ချန်နယ်လ်ကနေ ကြည့်ရှုရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ကမ္ဘာ့ဖလားပွဲကို CANAL+ DTT/DTH စက်နဲ့သာ TV မှာ ကြည့်ရှုခွင့်ရရှိမှာဖြစ်ပြီး ဖုန်းတွေထဲကနေ CANAL+ App မှာတော့ ကြည့်ရှုနိုင်မှာ မဟုတ်ဘူးကြောင်း ၊ စက်နဲ့ကြည့်ရှုမယ့်သူတွေကတော့ ပက်ကေ့ချ်ကို သက်တမ်းတိုးပြီး ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
” သုခုမ ကမ္ဘာ့ဖလား” ချန်နယ်လ်က CANAL+ အသုံးပြုသူတွေရဲ့ စက်မှာ လိုင်းနံပါတ် (၁၀) အနေနဲ့ အလိုအလျောက် ပေါ်လာမှာပါ။ တကယ်လို့ အလိုအလျောက် မပေါ်လာခဲ့ရင် အဆင့် (၁) ရီမုဒ်မှ Menu ကိုနှိပ်ပါ ။အဆင့် (၂) Auto Scan ကို နှိပ်ပါ။အဆင့် (၃) Password ကို 0000 ထည့်ပါ (စက်အဟောင်းတွေမှာတော့ password ထည့်ခိုင်းတဲ့အဆင့် မပါတဲ့အတွက် ဒီအဆင့်ကို ကျော်နိုင်ပါတယ်)။အဆင့် (၄) အလိုအလျောက် Scan စတင်ပြီး Scan ပြီးတဲ့ထိ စောင့်ပေးပါ။ အလိုအလျောက် Scan ပြီးသွားတာနဲ့ လိုင်းနံပါတ် (၁၀)မှာ “သုခုမ ကမ္ဘာ့ဖလား” (Thukhuma World Cup) ချန်နယ်လ် ပေါ်လာမှာဖြစ်ပါတယ် ။ ” လို့ CANAL+ ဘက်က အသိပေးထားပါတယ်။
အလားတူ ကမ္ဘာ့ဖလားပွဲကို Mytel ရဲ့လက်အောက်က TV360 Application ကနေလည်း ကြည့်ရှုနိုင်ပြီး ကြည့်မယ်ဆိုပါက Mytel SIM အသုံးပြုသူတိုင်း ပက်ကေ့ချ်တွေဝယ်ယူပြီး ကြည့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
TV360 application ကနေ ကြည့်မယ်ဆိုရင် Mytel SIM သုံးပြီး Daily World Cup Pack – (၉၉၉) ကျပ် + 600MB ၊ Weekly World Cup Pack – (၄၉၉၉) ကျပ် + 3.5 GB ၊Full Tournament Pack – (၁၉,၉၉၉) ကျပ် + 15GB နဲ့ World Cup + TV360 Premium Pack – (၂၀,၉၉၉) ကျပ် + 15GB ပက်ကေ့ချ်တွေဝယ်ယူပြီး ကြည့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား (FIFA World Cup 2026)ပြိုင်ပွဲကို မြန်မာနိုင်ငံကနေ တိုက်ရိုက်ကြည့်ရှုနိုင်ဖို့အတွက် ထုတ်လွှင်ပြသခွင့်ကို Mytel ဆက်သွယ်ရေးကုမ္ပဏီကို ဖီဖာက မူပိုင်ခွင့်ပေးအပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကမ္ဘာ့ဖလားကို လေးနှစ်တကြိမ်ကျင်းပတာဖြစ်ပြီး ဒီ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အမေရိကန် ၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံသုံးခုက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပတာဖြစ်ပြီး၊ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကိုတော့ ဇွန် ၁၁ ရက်နေ့က မက္ကဆီကိုကွင်းကြီးမှာ ကျင်းပခဲ့ပါတယ်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်ထိ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ ၃ နိုင်ငံတို့မှာ အသင်းပေါင်း ၄၈ သင်းက ပွဲစဉ်ပေါင်း ၁၀၄ ပွဲကို ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW