ဆူးငှက်
စင်တင်များနှင့် မန္တလေး
————————–
၁၉၉၀လွန်ကာလ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူ အသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။ မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်က စင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီးအနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင် ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။
ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။ မြန်မာသံလည်းရသည်။ ထိုစင်တင်များ မြန်မာသံအဆိုတော်များ၏ အမာခံပရိသတ်က လူငယ်များမဟုတ်ဘဲ ပိုက်ဆံဝါလား လူကြီးများဖြစ်သည်။ စင်တင်မျာုးမှာက ကိုယ်ကြိုက်သည့် အဆိုတော်ကို ကိုယ်ကြိုက်သည့် သီချင်းတွေ တောင်းဆိုပြီး ပန်းကုံးဆုချကြခြင်း ဖြစ်၏။ ကျွန်တော်တို့ ငှားနေသည့် အခန်းဝန်းကျင်က မြန်မာသံဝိုင်းများကတော့ ဤသို့မဟုတ်။ ထိုမြန်မာသံ တီးဝိုင်းများပါရှိသည့် ဆိုင်များက ကြီးကြီးမားမားတော့ မဟုတ်။
မြန်မာမှုတီးဝိုင်းနှင့်
——————-
ပိုင်ရှင် ကိုယ်တိုင်က မြန်မာသံဝါသနာရှင်၊ မြန်မာသံ အဆိုတော်ဖြစ်ကြသည်။ သူတို့ဝိုင်း စန္ဒရားဆရာကအစ ပင်တိုင်အဆိုတော် ၂ဦး ၃ဦးက ပညာရှင်များ ဖြစ်သည်။ ထိုတီးဝိုင်းများ၏ အမာခံပရိသတ်က အရာရှိများ လုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့က ကိုယ်တိုင် သီဆိုကြသူများဖြစ်သည်။ စုံတွဲ သီချင်းကိုတော့ တီးဝိုင်းက အမျိုးသမီးအဆိုတော်များနှင့် သီဆိုကြသည်။ ထိုတီးဝိုင်းတွေမှာ ပင်တိုင်အဆိုတော်က ထိုအမာခံပရိသတ်ပဲ ဖြစ်သည်။ သီချင်းဆိုရင်း၊ စားသောက် အပန်းဖြေရင်း၊ အဆိုတော် အမျိုးသမီးများနှင့် စုံတွဲ သီဆိုရင်း၊ စိတ်ထွက်ပေါက် ရှာကြခြင်း ဖြစ်သည်။
ထို အမျိုးသမီး အဆိုတော်များက အရွယ်ကောင်း အဆိုကောင်း ရုပ်ရည်ပြေပြစ်ကြကာ များသောအားဖြင့် အိမ်ထောင်သည်များ ဖြစ်ကြသည်။ အချို့အဆိုတော်မလေးများက ခင်ပွန်းသည်မှာ တီးဝိုင်းက စန္ဒရားဆရာလည်း ဖြစ်နေသည်။ ဖီးလိမ်း ပြင်ဆင်ကာ လာနေကျ ဖောက်သည်ကြီးနှင့် ငယ်ကျွမ်းဆွေလိုက်၊ နှစ်ကိုယ်တူ ချစ်သမျှလိုက်၊ သက်ဝေလိုက်၊ ရုန်းတော် လွှတ်တော်လိုက်၊ ထမင်းကြော်ပန်းကန် အတူနှိုက်လိုက်နှင့် ည ၁၁နာရီ ဆိုင်အပိတ်တွင် ဆုချငွေကို ပိုက်ဆွအိတ်ထဲ ထည့်ပြီး ဇနီးမောင်နှံ၂ယောက်သား သန်းခေါင်မတိုင်မီ လူပြတ်နေသော လမ်းမပေါ် စက်ဘီးလေးတစ်စီးနှင့် နွမ်းနယ်စွာ အိမ်ပြန်ကြသော မြင်ကွင်းကား မန္တလေး၏ ပွဲခင်းကန့်လန့်ကာပိတ် ဝတ္ထုများ ဖြစ်ခဲ့၏။
ထိုဝိုင်းများတွင် အမျိုးသမီး ပင်တိုင်ပရိသတ်များလည်း ရှိသည်။ သူတို့က ရှေ့နေ၊ ဆရာဝန်၊ ရတနာကုန်သည်၊ အဆိုတော်ဟောင်းများ ဖြစ်ကြသည်။ ခပ်ချောချော အရွယ်ရှိ အဆိုတော်ဟောင်းက အတူလာနေကျ ဆောက်လုပ်ရေး ကန်ထရိုက်တာနှင့် ဆိုင်၏ ချောင်ကျကျ အမှောင်ရိပ်ကျ စာပွဲမှာ ထိုင်သည်။ သူတို့က သူများ အလှည့်တွေ ပြီးမှ အေးဆေးစွာဖြင့် သူတို့ ဆိုနေကျသီချင်းကိုဆိုသည်။ အဆိုတော်ဟောင်း အမျိုးသမီး က မာမာအေးသီချင်းတွေ အပိုင်ပေါ့။ မေ့ကွက်ကိုရှာ၊ မောင့် အချစ်မြှား၊ ပိတောက်လမ်း၊ နှစ်ကံပြိုင်ဖူးစာ စသည့်သီချင်းများကို ပိုင်နိုင်စွာ သီဆိုသည်။ ကံထရိုက်တာက တွံ့တေးသိန်းတန် အပိုင်ဖြစ်၏ တွံ့တေးသိန်းတန် သီချင်းများသီဆိုလျှင် သူက အပိတ်အဖြစ် အသီးတစ်ရာ အညှာတစ်ခုကို အမြဲသီဆိုသည်။ အသက် ၄၀ ရှေ့နေ အမျိုးသမီးကတော့ မေရှင် သီချင်းများ အပိုင် ဖြစ်သည်။ ထို့ကြောင့် မြန်မာသံ တီးဝိုင်းနှင့် ဆိုင်များကလည်း သိုသိုသိပ်သိပ် ဣန္ဒြေရရနှင့် သူ့ပင်တိုင် ပရိသတ်နှင့်သူ အလုပ်ဖြစ်ကြသည်။ တစ်ခါတရံ အပြင်လူအတွက်ပင် နေရာမရှိတော့။
အရုဏ်တော် အလှူခံ တီးဝိုင်းများ
————————————————
ထိုစဉ်ကာလ မန္တလေး၏ ဟော်တယ်များတွင် တည်းခိုကြသူ အများစုက မြန်မာစကားရေရေလည်လည် မတတ်သူနှင့် မြန်မာရေဝကာ နေ့ချင်းညချင်း ချမ်းသာကြသူတွေ ဖြစ်သည်။ သူတို့က ဟော်တယ်များတွင် တစ်လကိုးသီတင်း နေထိုင်ကြသူများလည်း ဖြစ်သည်။ ထိုကာလက မန္တလေးတွင် အလှူခံ တီးဝိုင်းများလည်း ခေတ်ထသည့် ကာလဖြစ်သည်။ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲ အတွက် ဆွမ်းလောင်းသင်းအတွက် စသည်ဖြင့် တီးဝိုင်းများဖြင့် မြို့လုံးပတ်လည် အလှူခံ ထွက်ကြသည်။ ထိုတီးဝိုင်းများက လျှပ်စစ်အော်ဂင်ပါသည်။ ဒိုးချောင်ပါသည်။ အုပ်စုံပါသည်။ နှဲ ပုလွေပါသည်။ လေမှုတ်တူရိယာက ၂လက်လောက်လည်း ပါသည်။ အမျိုးသား အမျိုးသမီး အဆိုတော်တွေလည်းပါသည်။
တီးဝိုင်းအဖွဲ့တွင် တီးမှုတ်သူ အချို့က ပညာရှင် ကြေးစားများ ဖြစ်သော်လည်း အဆိုတော်များအပါအဝင် အများစုက အရပ်သားများဖြစ်သည်။ ထိုတီးဝိုင်းများတွင် ရှေ့က ဆိုက်ကားပေါ်တွင် တီးဝိုင်းဆိုင်းဘုတ်နှင့် ခြေကျင် လိုက်သည်။ အော်လံပါသည်။ နောက်က ဆိုက်ကားမှာ မီးစက် အသံချဲ့စက် ပစ္စည်းများတင်သည်။ နောက်က ဆိုက်ကားပေါ်မှာ တစ်ဘက်က ဒိုးချောင်နှင့် တစ်ဖက်က အုပ်စုံပါသည်။ နောက်က ဆိုက်ကားမှာ အော်ဂင် တင်သည်။ တီးခတ်သူတွေက ထိုဆိုက်ကားများနှင့် ယှဉ်ပြီး ခြေကျင်လိုက်သည်။ ထို့အတူ နှဲ ပုလွေ လေမှုတ်အဖွဲ့နှင့် အဆိုတော်များကလည်း တစ်အုပ်တမကြီး ခြေကျင် လိုက်ကြသည်။ ထိုတီးဝိုင်းများကတော့ အများဆုံးသီဆိုကြတာ မန္တလေးသီချင်းများဖြစ်သည်။ မန္တလေးသီချင်းဆိုသည်လျှင်ပင် အောင်မင်္ဂလာ မြမန်းဂီရိ မန်းတောင်လက်ျာ မှ အစ လက်ရေတပြင်တည်း ရွှေမင်းဂံ ပဉ္စသိင်္ခ ထပ်တရာလန်း မှသည် လေဘာတီ မမြရင်သီချင်းများအထိ ပိုင်နိုင်သည်။ စလွယ်နီတဲ့၊ စလွယ်စိမ်းတဲ့၊ မာဃလုလင်တဲ့၊ မန်းဟေမာတဲ့၊ မိတ္တတဲ့၊ ထင်ရှားသည့် အလှူခံ တီးဝိုင်းအဖွဲ့ နာမည်များ ဖြစ်သည်။
ပါတော်မူ အသံ ဇာတ်ထုပ်
—————————
ထိုသို့သော သီချင်းသီဆို တီးမှုတ် အလှူခံသော အဖွဲ့များနှင့် မတူသော အလှူခံ တီးဝိုင်း အဖွဲ့တစ်ဖွဲ့လည်းရှိသည်။ ထိုအဖွဲက တီးဝိုင်းပစ္စည်း အစုံအလင် ပါရှိသည်။ သို့သော် ထိုအဖွဲ့က သီချင်းမဆို။ ထိုအဖွဲ့က ပါတော်မူဇာတ်ထုပ်ကို တီးဝိုင်းနှင့်အတူ အစအဆုံး အသံဖြင့် ခင်းကျင်းခြင်းဖြစ်သည်။ ပါဝင်ခင်းကျင်းကြသူအများစုက လူငယ်ပညာတတ်များ ဖြစ်သည်။ ဇာတ်ဝင် ဇာတ်ပို့ တီးလုံး အခန်းပြောင်း တီးလုံးများနှင့်အတူ ဇာတ်ဟန်အတိုင်း အနုပညာမြောက်စွာ တင်ဆက်ကြသည်။ အထူးသဖြင့် သူတို့က ပါတော်မူဇာတ်ကို အဆိုအငိုများဖြင့် ထိုးဇာတ်မဟုတ်ဘဲ သမိုင်းအမှန်နှင့် အနီးစပ်ဆုံး ဇာတ်ညွှန်းရေးကာ အသံဖြင့် သရုပ်ဆောင်ကြသည်။
ထိုပါတော်မူဇာတ်တွင် ပရိသတ် စိတ်အဝင်စားဆုံး ဇာတ်ကောင်က ကင်းဝန်မင်းကြီးဖြစ်ပြီး ကင်းဝန်မင်းကြီးက အင်္ဂလိပ်သံ ပြင်သစ်သံများနှင့် အင်္ဂလိပ်လို ပီပြင်စွာ ပြောတာ၊ တိုင်းတာမင်းကြီးနှင့် တိုင်းရေးပြည်ရာများ ပြောတာ စသည့် ထိုအခန်းရောက်လျှင် အင်္ဂလိပ်စကားပြောကောင်းသော ကင်းဝန်မင်းကြီးကို မြင်ဖူးရန် တိုးဝှေ့ကြည့်ရသည်။
ဇာတ်ထုပ်အဆုံး ပါတော်မူသီချင်းကို အရှိုက်အငင်များနှင့် အပီအပြင်သီဆိုသော အရွယ်ကောင်း ကျောင်းသူလေးကိုလည်း ပရိသတ်က မျက်ရည်သုတ်ရင်း အားပေးကာ အလှူငွေ ထည့်ကြသည်။ ထိုအဖွဲ့က မှတ်မိသလောက် အနောက်ပြင် ပုလင်းဝင်းဘက်ကတဲ့။ ဟင်္သာမောင်အဖွဲ့တဲ့။ ပုလင်းဝင်းကဖြင့် စွာပါပေ့၊ ဒဿဂီရိ သံချပ်ကအစ ပါတော်မူအလှူခံအလယ် နိုင်ငံရေးအဆုံး အားလုံး မခေသူများဖြစ်သည်။
ထိုအလှူခံအဖွဲ့များက အသင်းတည်ရာ ရပ်ကွက်မှ မနက်ပိုင်းကတည်းက စတင်ထွက်ကြပြီး ဈေးချိုဝန်းကျင် အလှူခံကြပြီး ထမင်းစားချိန် ရောက်လျှင် သကျသီဟဘုရားဖြစ်စေ၊ အိမ်တော်ရာဘုရားမှာ ဖြစ်စေ နားကြသည်။ ထိုအခါ ရပ်ကွက်က နားသည့် ဘုရားသို့ လိုက်၍ အိုးကြီးအိုးငယ်များနှင့် ထမင်းလိုက်ကျွေးကြ၏။ ထိုသို့ ထမင်းစား နားနေပြီး နေချိုချိန်မှ တစ်ကြော့ ပြန်ထွက်၍ ရပ်ကွက် အနှံ့ လှည့်လည် အလှူခံကြတာ ညာဉ့်နက်သန်းခေါင် တိုင်တော့သည်။
လောပန်းလောင်းလေး
—————————
နောက်ပိုင်း မန္တလေးတွင် ဟော်တယ်အသီးသီး၌ ဧည့်သည်များ ရက်ရှည်တည်းကြသည့် ကာလရောက်သောအခါ အလှူခံတီးဝိုင်းများက ရပ်ကွက်အသီးသီးသို့ လှည့်လည် အလှူခံသည်ထက် ဟော်တယ်ကြီးများရှေ့ ကျောက်ချ ရပ်နား ကာ ဧည့်သည်တော်ကြီးများ တောင်းဆိုသည့် သီချင်းများကိုပဲ သူတို့တောင်းဆိုသည့် အဆိုတော်များက အလှည့်ကျ (သို့မဟုတ်) အကြိမ်ကြိမ် ကျော့ကာကျော့ကာ သီဆိုဖျော်ဖြေရတာ မိုးလင်းမှ ပြန်ရသတဲ့။ အလှူငွေကလည်း ရပ်ကွက်ထဲ လှည့်လည် အလှူခံတာထက် အဆများစွာ ပိုရသတဲ့။ သူတို့ကြိုက်သည့် သီချင်းဆိုလျှင် တစ်ပုဒ်ကို အလှူငွေ ၁၀၀ကျပ် ထည့်ပြီး အကြိမ်ကြိမ် တောင်းဆိုကြသည်။
ထို့ကြောင့် အလှူခံ တီးဝိုင်းများက လက်ရေတပြင်တည်းတွေ ရွှေမင်းဂံတွေ ထပ်တရာလန်းတွေနှင့် အဆင်မပြေတော့။ နေကာ မျက်မှန်လေးတို့၊ စနေနေ့ည ကိုးနာရီတို့၊ မချစ်စု တို့၊ ပုစွန်ဆိတ်ကလေးတို့၊ ဒဿလိုအချစ်တို့၊ နော်ကိုကိုနော်တို့၊ သမီးရဲ့ဦး တို့၊ လောပန်းလောင်းတို့ ကို ပိုင်နိုင်နေရ တော့သည်။ အထူးသဖြင့် လောပန်းလောင်းကတော့ ညာဉ်နက်လာလို့ ဧည့်သည်များ ရေချိန်ကိုက်လေ တောင်းဆိုလေ ဖြစ်သည်။ သည်ကြားထဲ ဧည့်သည်တော်များက ပိုက်ဆံ အုပ်လိုက်ကိုင်ကာ ဖလားထဲထည့် အကြိမ်ကြိမ်လှူရင်း မိုက်ကိုင်ကာ ကိုယ်တိုင်ဟဲတော့၏။
ဆူးငှက်
