အခန်း (၁၉၇)

 

 

ယူနန်၁၂ပွဲ ဈေးတန်း
————————

 

 

 

နန်းတော်ရှေ့ဆရာတင်က ‘အင်းလျားရေတစ်စည် လောက်တော့ လိုချင်ပါတယ်။ ဝယ်ချင်ပါတယ်။ ရွှေမန်းသူတွေ ရေခေါ်ချိုးတော့ တစ်မျိုးလှသနော်… မိုးပေါ်ကျသူလို့ ရေးစပ်ခဲ့သည်။ ညိုညိုခဲခဲ မန္တလေးသူလေးတွေ ရန်ကုန်သူတွေလို ဖြူမွတ် ဝင်းအိ လှစေချင်တာ ဆရာတင့်ခေတ် ကတည်းကဖြစ်သည်။ ကျွန်တော်တို့ ခေတ်မှာတော့ လမ်း၃၀နှင့် ၆၆လမ်းတဝိုက် “ယူနန်၁၂ပွဲ ဈေးတန်း” က ဖြူဖြူဖွေးဖွေး နောက်ပေါက် မန္တလေးသူလေးတွေကို ကြည့်ကြည့်ပြီး ခေါင်းတယမ်းယမ်း ဖြစ်နေရသည်။ မြန်မာမှာ ‘၁၂ ပွဲဈေးတန်း၊ ‘၁၂ ပွဲဈေးသည် ဆိုရင် နားလည်ပြီးသား ဖြစ်သည်။

 

 

အနယ်နယ်အရပ်ရပ် ဇာတိအသွယ်သွယ်က ကုန်အမျိုးမျိုးကို မြန်မာပြည်အနှံ့ လှည့်လည် ရောင်းချကြတာ။ ဘုရားပွဲဈေးတန်းဟာ သူ့တို့အိမ်၊ သူတို့ရွာပါ။ ကျောက်တော်ကြီးပွဲလို၊ ရွှေဘို မြို့ထောင့်စေတီပွဲလို၊ မုံရွာဘုရားကြီးပွဲလို ကတော့ ၁၅ ရက်၊ ရက် ၂၀ ပေါ့။ ပုဂံအာနန္ဒာပွဲလိုမျိုးတော့ တစ်လကျော်ပေါ့။ ရွှေစက်တော်လို ပွဲမျိုးကတော့ သုံးလေးလပေါ့။ အခု ကျွန်တော်တို့ မန္တလေးယူနန် ၁၂ ပွဲဈေးတန်းက ဘုရားပွဲလို ယာယီဆိုင်ခန်းတော့ မဟုတ်ပေ။ တစ်ခန်းကို သိန်းရာချီပြီး၊ ငှားမယ်ဆိုရင် တစ်လ ၂ သောင်းခွဲ ၃ သောင်းတဲ့၊ ၁၂ ပေ×၁၅ ပေဆိုင်ခန်းတွေပါ။ ဒီအခန်းလေးတွေမှာ ထပ်ခိုးပါလို့ လူနေလို့လည်းရသည်။ အထူးသဖြင့် ဈေးရောင်းဖို့ သင့်တော်သည့် အခန်းလေးများ ဖြစ်သည်။

 

 

ထို့ကြောင့် ဒီအခန်းလေးတွေမှာ ဝယ်ယူလို့ ဖြစ်စေ၊ ငှားလို့ဖြစ်စေ ရောက်လာသည့် သူတိုင်းကဈေးရောင်းဖို့ စီစဉ်ကြသည်။ ဈေးရောင်းဖို့ ရောက်လာသော သူတွေက ဒီအခန်းလေးတွေကို ငှားကြသည်။ ဝယ်ကြသည်။ ဈေးရောင်းဖို့ ရောက်လာသူတွေက မန္တလေးက မဟုတ်။ မိတ္ထီလာက မဟုတ်။ ရန်ကုန်က မဟုတ်။ အများစုက စီးပွားရေးကို ငယ်ငယ်ကတည်းက အင်တိုက်အားတိုက် စိတ်ရောကိုယ်ပါ လုပ်ကိုင်ပြီး ကမ္ဘာအနှံ့ ခြေဆန့် နေရာယူကြ သူတွေ။ ရောင်းကြမယ့် ပစ္စည်းက မြန်မာ ၁၂ ပွဲဈေးသည်လို ကြေးထည်ပစ္စည်း၊ ချည်ထည်၊ တောင်း၊ ဆန်ကော ဆန်ကာ၊ ကရေကရာ နှင့် လူသုံးပစ္စည်းစသည့် ပစ္စည်းစုံ မဟုတ်။ ပစ္စည်းက တစ်မျိုးတည်းပါ။ အသားကင်၊ ငါးကင်ပေါ့။

 

 

 

ဒီလိုအသားကင်၊ ငါးကင်ရောင်းဖို့ လာကြသူလေးတွေက အသားဖြူဖြူသွယ်သွယ်၊ ဆံပင်တိုတိုလေးတွေ အရပ် အမောင်း ကောင်းကောင်းလေးတွေဖြစ်သည်။ သူတို့လေးတွေက နေ့လယ် နေ့ခင်းမှာ တစ်ကိုယ်လုံး စွပ်လို့ရသည့် စပန့် ဂါဝန်ရှည်ကြီးတွေ ဝတ်ကြသည်။ သူတို့ အသားအရေ၊ သူတို့ ကိုယ်လုံးသွယ်သွယ်၊ သူတို့ အရပ်အမောင်းနှင့် လိုက်ဖက်သည်။ တီဗွီကလာသည့် ဇာတ်လမ်းတွဲတွေထဲက မင်းသမီးလေးတွေကို အရှင်လတ်လတ် မြင်ရသလိုပါပဲ။

 

 

 

ညပိုင်း ဆိုင်ဖွင့်ချိန်ရောက်တော့ ရယ်ဒီမိတ် ရှပ်အင်္ကျီနဲ့ ကိုယ်ကျပ် လက်ပြတ်ရင်ဟိုက် တီရှပ်နှင့် ဘောင်းဘီကျပ်နှင့် လေဒီရှုးနှင့်ပေါ့၊ ဒါမှမဟုတ် စကပ်တိုတို လက်တစ်ဝါးစာ ကပ်ကပ်နှင့်ပေါ့။ ထို့ကြောင့် ကျွန်တော်က ဒီဆိုင်ခန်းတွေကို ကိုယ့်ဘာသာ ‘ယူနန် ၁၂ ပွဲဈေးတန်း’ ဟု နာမည်ပေးခြင်း ဖြစ်သည်။ အဲလို ဖြူဖြူသွယ်သွယ်လေးတွေ ဝတ်ထားလို့ ကြည့်ကောင်းတာလှတာနှင့် ဟိုးရွှေဘိုက၊ မြင်းခြံက၊ ကန့်ဘလူက စတဲ့စတဲ့ နေရာတွေက ထိုထိုဆိုင်များတွင် ချက်ဟယ်၊ ပြုတ်ဟယ် ကူဖော်လောင်ဖက် လာလုပ်ကြသည့် ညိုညိုတုတ်တုတ် မလေးတွေ လိုက်ဝတ်ကြတော့ မသွားတတ် မလာတတ်၊ မထိုင်တတ် မထတတ်။ အရုပ်ဆိုးကုန်တာ နေ့စဉ် မြင်တွေ့ နေရသည်။

 

 

ရွှေမန်းသူတွေ ရေခေါ်ချိုးတော့

———————————–

ထိုမျှမက အနီးဝန်းကျင်က ပြည်ကြီးမျက်ရှင်သူ၊ ပြည်ကြီးမျက်မှန်သူ၊ ပတ်ကုံးဝန်းကျင်သူ၊ စိတ္တရမဟီသူ၊ ဟေမာဇလသူမှ အစ ဟို အနောက် အောင်နန်းရိပ်သာသူ ချမ်းအေးသာစံသူ ပြည်ကြီးကျက်သရေသူ ရှမ်းပွဲသူ ထားဝယ်သူ ဥပုသ်တော်သူတွေကလည်း လိုက်ဝတ်လာကြပြီ။ ဒီလိုဖြင့် အင်းလျားရေ တစ်စည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါတယ် ရွှေမန်းသူတွေ ရေခေါ်ချိုးရင် တမျိုးနော်လှသနော် မိုးပေါ်ကျသူလေးတွေ အခုတော့ သံလွင် ရွှေလီ မြစ်ရေတွေ ချိုးချင်တာကြောင့် လောပန်းလောင်းတို့၏ မချစ်စုက သမီးရဲ့ဦးလား နော်ကိုကိုနော် လား၊ ဒဿလိုအချစ်ဖြင့် ဦးရဲ့ သမီးဖြစ်ကာ စနေနေ့ည ကိုးနာရီတိုင်း နေကာမျက်မှန်လေးနှင့် ပုစွန်ဆိတ်ကလေးလို ပင်လယ်ကူးကြတော့မည်။

 

 

ကျွန်တော့်မြောက်ဘက် အခန်းကတော့ အတိုင်းထက်အလွန်မို့ ဂျာနယ်စာမျက်နှာပေါ်ပါလာလို့ ကိုယ်ရှိန်သပ် သွားသည်။ အအေးဆိုင်မဟုတ်တော့။ ရေသန့်ဘူး၊ စီးကရက်ဘူး၊ စနိုးတာဝါနှင့် လစ်ပိုလောက်ရောင်းသည့် အသားညိုညိုတုတ်တုတ် မိန်းမကြီးနှင့် သူ့တူမတို့ ပြောင်းလာသည်။ သူ့မှာ တူမတွေ ပေါလှသည်။ ပါလာသည့်တူမက နောက်ရက်ဆို တစ်ယောက်ပြောင်းသွားသည်။ အဲ့လို ပြောင်းသွားတဲ့ တူမတွေကို ကျွန်တော်မှတ်ထားတာ ၅ယောက်လောက်ထိတော့ မှတ်မိသည်။ နောက်တော့ ရုပ်ဆင်သူတွေကများလာလို့ အရင်ဆံပင်ရှည်နှင့် တူမက အခု ဆံပင်ဖြတ်ပြီး အကျေကောက် လာတာလား၊ အရင် ထဘီဒရင့်တိုက်နှင့် တူမက အခု ဘောင်းဘီ ဝတ်လာတာလား မမှတ်နိုင်တော့။ သိပ်လည်း အားကျိုးသနွဲ စေ့စေ့ကြည့် မှတ်တမ်းတင်လို့ မဖြစ်၊ ခင်သော်ဇင့် မျက်စောင်းလည်း သတိထားရသည်။ မည်သို့ဆိုစေ၊ အခုပြောင်းလာသည့် အဒေါ်ကြီးရေသန့်ဆိုင်က လူကြီးလူကောင်း ဖောက်သည်ဆိုင်မို့ နင်လားငါလား အသံမထွက်၊ ပြီးတော့ အရောင်းအဝယ်က သိပ်မကြာ၊ ဖျိုးဖျိုးဖျပ်ဖျပ် သိုသိုသိပ်သိပ်ပါပဲ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW