ကဘူး၊ နိုဝင်ဘာ-၂၁-၂၀၁၈
မျိုးဆက် (VOM)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမှာ အစ္စလာမ်ဘာသာရေးဆရာတွေ စုဝေးရာနေရာမှာ နိုဝင်ဘာ ၂၀ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာပိုင်များအနေနဲ့ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ကို စုံးစမ်းဖော်ထုတ်နေပြီး တာလီဘန်အဖွဲ့ကတော့ ၎င်းတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားသလို တိုက်ခိုက်မှုအတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော်လည်း ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနစ်ရှ်က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ် လူနာတင်ယာဉ်အစီး ၃၀ သွားရောက်ခဲ့ပြီး လူ ၄၀ လောက်ကတော့ ပြင်းပြင်းထန်ထန်ဒါဏ်ရာရရှိထားပြီး စိုးရိမ်ဖွယ် အခြေအနေရှိနေပါတယ်။
တမန်တော်မိုဟာမက်မွေးနေ့ နှစ်ပတ်လည် အထိန်းအမှတ်အဖြစ် အာဖဂန်အူလမာကောင်စီရဲ့ ဖိတ်ကြားချက်ကြောင့် နိုင်ငံရဲ့ ဒေသအတော်များများက အစ္စလာမ်ဘာသာရေးဆရာတွေ စုဝေးနေကြတဲ့ အခန်းကျယ်ထဲကို အသေခံဗုံးခွဲသမားက ဝင်ရောက်ဖောက်ခွဲခဲ့တာလို့ ၎င်းက ပြောပါတယ်။
ရာပေါင်းများစွာသော အစ္စလာမ်ဘာသာရေးဆရာတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေဟာ ကဘူးလေဆိပ်အနီးမှာရှိတဲ့ အဆိုပါခန်းမထဲကို ကုရ်အာန်ကျမ်းဖတ်ဖို့အတွက် စုဝေးခဲ့ကြတာလို့ ဒါနစ်ရှ်ကပြောပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန်နဲ့ အိုင်အက်စ်စစ်သွေးကြွတွေဟာ အာဖဂန်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေဖြစ်ပြီး လက်ရှိအချိန်အထိတော့ နိုဝင်ဘာ ၂၀ ရက်က တိုက်ခိုက်မှုရဲ့ လက်သည်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။
#vioceofmyanmar #အာဖဂန်တိုက်ခိုက်မှု
Ref:Reuter
Photo : Reuter