စစ်ကိုင်းတိုင်းအတွင်း မြေယာပြဿနာဖြေရှင်းဖို့ ကသာခရိုင်က အများဆုံးကျန်ရှိနေ

နိုဝင်ဘာ ၂၉-၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီကို ရောက်ရှိလာတဲ့ တိုင်ကြားစာ ၁၄၆၂ မှုထဲက ဖြေရှင်းဖို့ အမှုတွဲ ၂၃၂ မှုသာကျန်ရှိတော့တာဖြစ်ကာ အဲဒီထဲမှာ ကသာခရိုင်က ၅၁ မှုနဲ့ အများဆုံးဖြစ်တယ်လို့ တိုင်းမြေပြန်စစ်ရဲ့ သတင်းတွေအရ သိရပါတယ်။

“တိုင်ကြားစာအမှုတွဲ ၁၄၆၂ မှုမှာ ၁၁၁၀ ကဖြေရှင်းပြီးသွားပါပြီ။ ၁၂၀ ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သဘောထားတောင်းခံတုန်းပါ။ ၂၃၂ မှုကတော့ ဖြေရှင်းနေဆဲပေါ့။ အဲဒီကျန်တဲ့အထဲမှာ ကသာခရိုင်ကာ ၅၁ မှုနဲ့ အများဆုံးကျန်နေတာပါ။ ကျန်တဲ့ မြေအမျိုးအစားတွေကတော့ အမျိုးမျိုးပေါ့။”လို့ တိုင်းမြေပြန်စစ်အဖွဲ့ဝင် ဦးသန်းအေးက ပြောပါတယ်။

အမှုတွဲပေါင်း ၁၄၆၂ မှုမှာ အသုံးပြုရန်လိုချက်အရ ပြန်မစွန့်တဲ့မြေမှု ၂၅၉ မှု၊ လျော်ကြေးပေးပြီး ဆက်လက်အသုံးပြုမှု ၇၈ မှု၊ အသုံးပြုရန်ထက်ပိုလို့ ပြန်စွန့်မှု ၁၄ မှု၊ အသုံးမပြုလို့ အားလုံးပြန်စွန့်မှု ၃၂ မှု၊ တိုင်ကြားစာတူ ၃၇၉ မှု၊ မှားယွင်းတိုင်ကြားမှု ၂၈ မှု စုစုပေါင်း ၁၁၁၀ မှုတို့ရှိကာ ၇၆ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့သိရပါတယ်။

ဖြေရှင်းရန်ကျန်နေတဲ့ အမှုတွဲတွေကို စိစစ်တာတွေလုပ်ဆောင်နေပြီး နောက်ထပ် အမှုတွဲတွေ များများစားစား တိုးမလာရင် ဒီနှစ်ကုန်မှာ အပြီးလုပ်ဆောင်နိုင်မယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ကော်မတီဖွဲ့စည်းပြီးနောက်ပိုင်း တပ်သိမ်းမြေ၊ ဌာနဆိုင်ရာသိမ်းမြေနှင့် ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ မြေတွေထဲက စိုက်ပျိုးလယ်ယာမြေ ၃၃၃၁၅.၀၆ ဧကနှင့် စိုက်ပျိုးမြေမဟုတ်တဲ့ ၂၅၁၆၃.၈၆၃ ဧက စုစုပေါင်း ၆၉၆၄၉.၃၄၃ ဧကကိုလည်း ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်းတိုင်မြေယာပြဿနာ#ကသာ

ဓါတ်ပုံ နိုင်ကြီး(ကသာ) VOM

Related posts

VOM News

FREE
VIEW