The Voice journal နဲ့ တနင်္သာရီဂျာနယ် အယ်ဒီတာ‌ဟောင်းကို ၅၀၅(က)နဲ့ အမှုဖွင့်

ဧပြီ၂၁-၂၀၂၁
KLY(VOM)

The Voice journal နဲ့ တနင်္သာရီဂျာနယ်အယ်ဒီတာ‌ဟောင်း ကိုအောင်မျိုးထက်ကို မနေ့ ဧပြီ ၂၀ ရက် မနက်က အဖော်အမျိုးသားအချို့နဲ့အတူ ကန့်ဘလူမြို့ပေါ်မှာ နစက က ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းမှာ ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်လှစ် လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

“ကိုကို့ကို ကန့်ဘလူမှာ လက်ဖက်ရည် သွားသောက်ရင်း ဖမ်းဆီးခံရတာပါ။အဖော်အမျိုးသားအချို့အတူဖမ်းဆီးခံရတာဖြစ်ပေမယ့် ကိုကိုတစ်ဦးထဲအမှုဖွင့်ခံရတာပါ။ချုပ်ရီမာန်နှစ်ပတ်ခွါပြီးရုံးချိန်း ခေါ်ထား‌ပေမယ့် ကန့်ဘလူရဲစခန်းမှာပဲ ထားတယ်” လို့ ဖမ်းဆီးခံရသူ ရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

The Voice journal နဲ့ တနင်္သာရီဂျာနယ်အယ်ဒီတာ‌ဟောင်း ကိုအောင်မျိုးထက်ဟာ စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာကို ပြီးခဲ့တဲ့နှစ်လကျော်ကတည်းက ပြန်လည်ရောက်ရှ်ိနေခဲ့တာ ဖြစ်ပြီး လက်ရှိ ISP-Myanmar မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျုမှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ အဲ့ဒီဌာနနဲ့ သူလုပ်ကိုင်ခဲ့တဲ့ ဂျာနယ်တွေဆီက သိရပါတယ်။

တနင်္သာရီဂျာနယ် တာဝန်ရှိသူတစ်ဦးက “သူက ISP ကနားပြီး‌ တနင်္သာရီဂျာနယ်မှာအယ်ဒီတာတာဝန်နဲ့လာလုပ်တယ်။အခုပြန်နုတ်ထွက်သွားပြီး ISP ရုံးပြန်သွားလုပ်နေတာကြာပြီလို့”ပြောပါတယ်။

ကိုအောင်မျိုးထက်ဟာ ဇာတိဖြစ်တဲ့ ကန့်ဘလူမြို့နယ် တောက္ကရှပ်ရွာပြန်ရောက်ပြီးနောက် ဆန္ဒပြပွဲအချို့ကို ဓါတ်ပုံမှတ်တမ်းတင်တဲ့အလုပ်မျိုး တစ်ခါတစ်လေပြုလုပ်ပေမယ့် ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးမဟုတ်ဘူးလို့ မိသားစုဆွေမျိုး အသိုင်းအဝိုင်းဆီက သိရပါတယ်။

အာဏာပိုင်တွေဘက်က ကိုအောင်မျိုးထက်နဲ့အဖော်တစ်ချို့ဟာ ဧပြီလ ၁၉ရက်နေ့ညက တောက္ကရှပ်ကျေးရွာနား လုံခြုံရေးအဖွဲ့ဝင်အချို့ နယ်မြေလုံခြုံရေးကင်းလှည့်လည်လာစဉ် အော်ဟစ်ဆူပူမှုအချို့ ပြုလုပ်ခဲ့တယ်လို့စွပ်စွဲမှုအချို့ရှိပေမယ့် အဲ့ဒီစွပ်စွဲမှုကို မိသားစုဝင်တွေက အခိုင်အမာ ငြင်းဆိုထားပါတယ်။

ISP-Myanmar ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးထက်ကို အမှုဆင်စွပ်စွဲဖမ်းဆီးတရားစွဲဆိုမှုတွေ မပြုလုပ်ဘဲ ချက်ချင်းပြန်လွှတ်ဖို့ ဧပြီလ၂၀ ရက်နေ့ ညနေပိုင်းမှာပဲ အဲ့ဒီအဖွဲ့က စာရေးသားထုတ်ပြန် တောင်းဆိုထားပါတယ်။

ဓါတ်ပုံ-NWT

#voiceofmyanmar #vom #ကိုအောင်မျိုးထက်

Related posts

Leave a Comment

VOM News

FREE
VIEW