ပန်ဆုယူ တာရေသွန်းချိန်မို့ (၂)

×××××××××××××××××××××

ဆူးငှက်

သင်္ကြန်ကာလ မန္တလေး၏ပြလမ်းများပေါ်တွင် ရေပက်ကစားသော ကလေးငယ်ဖြင့်သာ သင်္ကြန်မြင်ကွင်းကို ရိုးရိုးစင်းစင်း မြင်တွေ့ကြရပြီးသကာလ (၁၂၈၇-၈၈) ဝန်းကျင်ကာလများရောက်ပါမှ မန္တလေးမြို့လယ်တွင် နေထိုင်ကြသော ဘာသာခြားကြေးရတတ်များက သူတို့ပိုင်လော်ရီကုန်တင်ကားများပေါ် ရေပက်သည့် ကလေးငယ်များတင်ကာ မြို့အနှံ့ လှည့်လည်မောင်းနှင် ရေပက်ကစားကြတော့ ခေတ်ပညာတတ် မြန်မာလူငယ်များကလည်း မျက်ခုံးပင့်ကြည့်ကာ အားကျ ဝမ်းပါးလာကြ၏။ ဤသို့ဖြင့် လော်ရီမော်တော်ကားတချို့ မြို့ပြအနှံ့ လှည့်လည်ကစားပြန်တော့ ထိုထိုယာဉ်များအား ပြန်လှန်ရေပက်ကြမည့် ကလေးငယ်များကလည်း စောင့်စားစုစည်းမိကာ အပြန်အလှန် ရေပက်ကစားကြရင်းစည်ကားလာသည်။

ဤ’သဘင်’ကို အပျိုပေါက်၊ လူပျိုပေါက်များကလည်း ဘုန်းကြီးကျောင်းရိပ် မလိုက်လိုကြဘဲ ကြည့်ရှုချင်ကြ၏။ “ဟိုလူပက်ပါတော့လား”၊ “ဟိုမိန်းကလေး ပက်ပါတော့လား”ဟု အားပေးချင်လာ၏။ နောက်ဆုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲချင်လာတော့၏။ ဤသို့ဖြင့် နောက်ရက်သင်္ကြန်များတွင် မြန်မာလူငယ်လေးများလည်း နီးစပ်ရာ မော်တော်ယာဉ်များအပေါ်
စီးနင်းကြကာ ရေပက်သင်္ကြန်ပွဲပျော်ပျော်ကြီး ဆင်နွှဲကြတော့သည်။

လူကြီးသူမများလည်း ပိပိပြားပြား ပျော်ပါးကြခြင်းမို့ ခွင့်ပြုကြရတော့၏။ မြန်မာများကား ကိုယ်ကိုယ်၌က စွန့်ဦးတီထွင်ပြုလုပ်ကြရန် အလွန်ဝန်လေး ဖင့်နွှဲကြသော်လည်း ကနဦးလူများ၏ နောက်လိုက်အဖြစ် ဆောင်ရွက်ကြရပြီဆိုလျှင် ထိုသူများထက် သာလွန်အောင် တီထွင်ကြံဆတတ်ကြရကား နောက်နှစ်များ၌ မြန်မာလူငယ်များ၏ လော်ရီမော်တော်ယာဉ်များ ရေပက်ခံ ရေကစားထွက်ကြသောအခါ အရင်နှစ်တွေကလို”ဟေး”၊ “ဝါး ပက်ပါတော့လား” ဟူသော အော်ဟစ်ညာသံများ မဟုတ်ကြတော့ဘဲ …။ “ရေတွင်းစောင်းလို့ ခေါင်းပေါ်သွန်ဗျ၊ ရေတံခွန်တောင်ပါ ရွှေ့ခဲ့ကြဦး”၊ “ကားပါဆွဲလို့ ရေထဲစိမ်ဗျ၊ ကျေးဇူးကြိမ်ကြိမ် တင်လို့ တင်လို့” ၊ “မအေးတတ်လို့ ချွေးထပ်ယို၊ တေးထပ်ဆိုကာ လောင်းကြပါဦး”ဟူသော သံချပ်များသံပြိုင်သီဆို၍ပင် ထူးကဲစွာဆင်ယင်ကြတော့သည်။

ထိုနံရောအခါ မော်တော်ယာဉ်တစ်စီးနှင့် တစ်စီး ဆုံတွေ့ကြရာ၌ အပြိုင်အဆိုင် ရေပက်ကစားကြရုံမက သံပြိုင်သံချပ်များကိုလည်း အနိုင်မခံ အပြန်အလှန်ထိုးကြသည်။ ဉာဏ်ကွန့်မြူးသူတို့က မိမိတို့အဖွဲ့၏ နာမည်ကို ထင်ရှားပေါ်လွင်စေသော သံချပ်မျိုးကိုလည်း တကူးတကန့် စပ်ဆိုလာကြ၏။

“မျိုးရိုးဇာတိ ရွှေနန်းစင်ရှင့်၊ ရေဖျန်းသဘင် ပြုတဲ့အဖွဲ့။
ချစ်ခင်ပေါင်းသင်း စိတ်ကြံရင်၊ နိဗ္ဗာန်တစ်ခွင် လှမ်းမယ့်အဖွဲ့။ မယ်နှင့်မောင်များ ချမ်းသာစေ၊ မေတ္တာရွှေရေဖျန်းတဲ့အဖွဲ”ဟု စပ်ဆိုသံချပ်ထိုးကြသော ပျိုဖြူများကား ‘မျိုးချစ်မယ်’အဖွဲ့ဖြစ်သည်။

ဤသို့ဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံချပ်များကိုသာ အပြိုင်အဆိုင် စပ်ဆိုကြရာမှ အနိုင်မခံ ‘ဗိုလ်တကာ့ဗိုလ်’ ဖြစ်လိုသော အသင်းအချို့က အများထက် ထူးကဲစွာဖြင့် သီချင်းသံစဉ်များကို ကိုယ်တိုင်ရေးစပ်သီဆိုကြသည်။ ထိုအခါ တီးတတ် မှုတ်တတ်သူများလည်း ပူးပေါင်းပါဝင်ကာ သီဆိုတီးမှုတ်ကြခြင်းဖြင့် မိမိတို့အသင်းအဖွဲ့သည် အများတကာထက် ပိုမိုအာရုံစိုက် အရေးပေး ခံလာကြရသည်။

မျိုးရိုးဇာတိရွှေနန်းစင်ရှင့်ဟု ဆိုင်းမပါ ဗုံမပါ သံချပ်ထိုးလာသောအဖွဲ့သည် မယ်ဒလင်၊ တယော၊ မြန်မာဂီတာစသည်များဖြင့် …။
“မျိုးချစ်တဲ့မယ်၊ နောင်နှစ်ခါဝယ်၊ မောင်နှင့်လည်းတွေ့ရဖို့ရယ်၊ ဘုရားမှာဆုတောင်းမယ်၊ သင်္ကြန်တွင်းမို့ ရေကစားမယ်၊မောင်နှင့်ကွယ် ဇမ္ဗူဒီပါလကျ်ာတောင်ကျွန်းဝယ်၊ နိမိတ်ထွန်းတယ်”ဟု တီးမှုတ်သီဆိုလာတော့ ဝိုင်းဝန်းသြဘာပေး ပျော်မြူးကြရတော့သည်။

ဤသို့ …
မန္တလေးသင်္ကြန်တွင် လော်ရီမော်တော်ကားများဖြင့် သီချင်းသံပြိုင်သီဆိုကာ စတင်လှည့်လည်ရေပက်ကစားကြသော မြန်မာခုနှစ် (၁၂၈၇-၈၈) ကာလများတွင် မန္တလေး ဟေမာဇလရပ်ကွက် ၂၇လမ်းနှင့်၊ ၇၆လမ်းထောင့် စာကြည့်တိုက်အသင်းမှ ကိုရှင်၊ ကိုအေး၊ ကိုလူကလေး၊ ကိုဘကြည် တို့ ခေါင်းဆောင်ပါဝင်သောအဖွဲ့က အခြားအဖွဲ့များထက် ပိုမိုလူသိများ အာရုံစိုက်ခံကြရ၏။

တကယ်တော့ ဆုတောင်းပြည့်မြတ်စွာဘုရာကြီး၏ဂါစရဂါမ်အရပ်ဖြစ်သော ဟေမာဇလရပ်တွင် ငပယင်တန်း၊ မုံရွေးတန်း၊ လယ်ဇင်တန်း၊ စည်ပါမောင်းထောင်တန်းတို့အပြင် ရွှေလှံဗိုလ်ဝင်း၊ကြေးနန်းဗိုလ်ဝင်း၊ ဝက်မစွတ်ဝင်း၊ မိုးဗြဲစစ်ကဲဝင်း၊ ညောင်ရွှေစော်ဘွားဝင်းတို့လည်း ဝန်းရံတည်ရှိခဲ့သည်။

ထိုအရပ်တန်းများတွင် နေထိုင်သူများသည် အမရပူရရွှေမြို့တော်ကတည်းက တောင်ထားဝယ်သနတ်အစု၊ မြောက်၁၅ဝသနတ်အစု၊ မြောက် မာရဘင်သနတ်အစုများတွင် တာဝန်ထမ်းဆောင်ခဲ့သူများ၏ အစဉ်အဆက်များဖြစ်ကြသည့်အပြင် ‘ဝင်း’ကြီးများတွင် တစိုက်မတ်မတ်နေထိုင်သူများကလည်း ဝန်ကြီး၊ မှူးမတ်၊ မင်းညီမင်းသား၊ စော်ဘွားအဆက်အနွယ်များချည်းဖြစ်ခဲ့သည်။ ထို့ကြောင့် မြန်မာမှုအနုပညာနှင့် အနီးစပ်ဆုံးဖြစ်ခဲ့ကြသည်။

‘မြန်းနီး၊ နန်းနီး’၊ ‘မျက်စိပေါက်’၊ ‘အမြင်ကျယ်’သူများဖြစ်ခဲ့သည်။ ထိုအခါ မန္တလေးကနဦးသင်္ကြန်တွင် အများသူငါလို လော်ရီမော်တော်ကားကြီးများဖြင့် ရေပက်ကစားကြရာ၌ ဟေမာဇလသားတို့က အများထက်ထူးကဲစွာ မော်တော်ကားကိုယ်ထည်ပတ်လည်တွင် ပန်းချီလက်ရေး ပိတ်စများဖြင့် ရေခံထည် အလှဆင်ခြင်း၊ လိုက်ပါသူအားလုံးကလည်း ဆင်တူဝတ်စုံများအပြင် မည်သူမျှ မဝတ်ဆင်ဖူးသေးသော ဒီဇိုင်းဖြင့် နဖူးတွင် စာလုံးအနီများနှင့် စကားဝါရောင်ပုဝါများ ဆင်တူစည်းထားခြင်း၊ သီချင်းသံချပ်များအား သီးခြားစပ်ဆိုကာ ညီညီညာညာဖြင့် လုက်ခုပ်လက်ဝါး တီးပြီး ပြိုင်တူသီဆိုခြင်းများပြုလုပ်ကြ၏။

ထို့ကြောင့် ဟေမာဇလရပ် ၂၇ လမ်းနှင့် ၇၆ လမ်းထောင့် စာကြည့်သင်းမှ လူငယ်များဦးစီးသော ‘ပျိုတို့မောင်’ သင်္ကြန်အဖွဲ့သည် မန္တလေးအလှပြသင်္ကြန်၏ ကနဦး စွန့်ဦးတီထွင်အဖွဲ့ဖြစ်ကြောင်း မှတ်သားခဲ့ရပေသည်။

“….နောင်နှစ်ကျရင် ခေါ်စမ်းပါမယ် အမည်ကလေးပြောပါကွယ် ၊ပျော်ပျော်ရွှင်ရွှင် ရေသဘင်ပွဲတော် အခါကြီးဝယ် တူနွဲပျော်မယ်” တစ်ယောက်က ဖတ်လက်စဝတ္ထုစာအုပ်ထဲမှ သီချင်းစာသားလေးတစ်ပိုဒ်အားအသံထွက်ရွတ်ဆိုပြရင်း …။
“ကျုပ်တို့ … ပျိုတို့မောင်အဖွဲ့ ဒီနှစ်သင်္ကြန်မှာ မနှစ်ကထက် ပိုကောင်းအောင် စိတ်ကူးထားတာရှိတယ်” ဟုပြောသည်။
ထို့နောက် ဖတ်လက်စ စာအုပ်အား လက်ညှိုးလေးညှပ်ကာပိတ်လိုက်သည်။ စာကြည့်သင်းရှိ ဗီရိုတစ်လုံးအား ဖွင့်ပြီး’PDM’စာလုံးများပါသည့် ခေါင်းစည်းပုဝါများကို ထုတ်ကာ ပြန်လည်လျှော်ဖွပ်ရန် ပြင်ဆင်နေသော လူငယ်တစ်ဦးက …
“ဘာတွေများ စိတ်ကူးထားလို့လဲ ကိုအေးရ”ဟု အမေးမှာ …

“သံချပ်တွေအပြင် သီချင်းတွေပါ ဆိုကြမယ်လေဗျာ။ရေပက်ရင် မစိုနိုင်တဲ့ မယ်ဒလင်တွေ၊ တယောတွေပြင်ထားကြ…၊ ပုလွေလည်းပါရင် ကောင်းတာပေါ့ဗျာ”

“ဒါထက် … ဘာသီချင်းတွေ ဆိုဖို့ စိတ်ကူးထားလို့လဲ”

“မပူပါနဲ့ …၊ ကျုပ်စပ်ပြီးပါပြီဗျာ”

ပျိုတို့မောင်အဖွဲ့က ၁၂၈၉ ခုနှစ်မှာ ၁၂၉ဝ ခုနှစ်အကူး မဟာသင်္ကြန်တွင် သီချင်းသစ်များ၊ စိတ်ကူးစိတ်သန်းသစ်များဖြင့် တမူထူးစွာပါဝင်ဆင်နွှဲဖို့ စုစည်းတိုင်ပင်နေစဉ် မလှမ်းမကမ်း ရွှေလှံရပ်ကွက်မှ ကိုဉာဏ်တို့၊ ကိုဘိုကြီးတို့၊ ကိုထွန်းရင်တို့ ဦးစီးသော မင်္ဂလာအေဝမ်း သင်္ကြန်အဖွဲ့ကလည်း ဒီနှစ်သင်္ကြန်မှာ အများသူငါထက် ထူးကဲစွာ ပါဝင်ဆင်နွှဲရင်း သင်္ကြန်ရောက်၍ သူတို့’ကား’ထွက်ပါမှ အံ့အားသင့်ကာ အားလုံးက မယှဉ်နိုင်လောက်သည့် အစီအစဉ်များကိုလည်း အထူးလျှို့ဝှက်၍ ကျိတ်ကာ ကြံစည်နေ၏။

ထို့အတူ …။
မင်္ဂလာဈေးက ‘မင်္ဂလာညွန့်’အသင်း ..၊
ပဒေသာတန်းက ‘မာဃ’အသင်း ..၊
ဆိုင်းတန်းက ‘မြို့မ’အသင်း..၊
ထိုထိုအချိန်များက သင်္ကြန်အဖွဲ့များတွင် ပျိုတို့မောင်၊ မင်္ဂလာအေဝမ်း စသည့် အသင်းအဖွဲ့များ၏ ယှဉ်ပြိုင်မှုများက နောက်ပိုင်းအထိ ပြောစမတ် မဖြစ်လောက်ခဲ့သော်လည်း မင်္ဂလာညွန့်၊ မာဃနှင့် မြို့မတို့၏ ယှဉ်ပြိုင်မှုများက ပြောစမှတ် ဖြစ်လောက်အောင် သာဓကများကျန်ရစ်ခဲ့ပါ၏။

တကယ်တော့ …၊ ‘မန္တလေးသင်္ကြန်’ဟု လွမ်းလွမ်းဆွေးဆွေး တသရလောက်အောင် မှတ်တမ်းဝင်ခဲ့ခြင်းကလည်း ထိုအသင်းအဖွဲ့များ၏ ပကာသနမပြိုင်၊ ဂုဏ်မပြိုင်ဘဲ ‘အနုပညာ’ကို ပြိုင်ခဲ့ကြခြင်း၏ ရလာဘ်ကောင်းပင် မဟုတ်ပါလော။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW