ဇွန် ၂၂-၂၀၂၂
KK(VOM)
မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာမှာ မနေ့ ဇွန်၂၁ရက် နေ့လယ်ပိုင်းက မီတာခကောက်ပြီးပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံးမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူးနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး ဒု-လက်ထောက်ကြီးကြပ်ရေးမှူးအဆင့်ရှိသူနှစ်ဦးကို အပြန်လမ်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မီတာခတွေကောက်ပြီး အပြန်လမ်းမှာ သေနတ်နဲ့စောင့်ပြီးပစ်တာ ပွဲချင်းပြီးပဲ သေသွားတာ”လို့ သူကပြောပါတယ်။
သေဆုံးသူနှစ်ဦးဟာ မြင်းခြံမြို့နယ် EPC ရုံးမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကိုနဲ့ဦးမျိုးဇော်ဝင်း တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“သေနတ်နဲ့ပစ်သတ်သွားရုံတင်မဟုတ်ပါဘူး၊ မီတာခကောက်ထားတဲ့ ပိုက်ဆံတွေပါ ယူသွားတာပါ “လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ နှပ်ချိုတောကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ၂ဖက်ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
#voiceofmyanmar #VOM #မြင်းခြံ #ပစ်ခတ်မှု