နိဒါန်းသဝဏ်လွှာ

ဆူးငှက်

ဆရာမြို့မငြိမ်းမှာ ၁၉၄၂ ခုနှစ်စတင်၍ စစ်ကြီးကြောင့် မတည်မငြိမ်ဖြစ်ကာ အနယ်နယ်အရပ်ရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးသော်လည်း အခြေမကျသေး။ ၁၉၄၉ ၌ပင် မိမိနေအိမ်၌ စိတ်ချလက်ချ နေမည်ကြံကာမှ ရှိသေး။ပြည်တွင်းစစ်မီး တောက်လောင်ပြန်တော့ ပြေးဟယ်လွှားဟယ် ဖြစ်ရပြန်ကာ သည်အထဲ သူအင်မတန် ချစ်သော၊ ခင်မင်လေးစားသော နန်းတော်ရှေ့ဆရာတင်လည်း ကွယ်လွန်ခဲ့လေပြီ။

နန်းတော်ရှေ့ဆရာတင် မကွယ်လွန်မီက သားဖြစ်သူရွှနန်းတင်နှင့် ချွေးမ ခင်စန်းတင်တို့အား ဇာတ်တစ်ဖွဲ့ တည်ထောင်ပေးလိုသော ဆန္ဒပြင်းပြခဲ့သည်ကို
ဆရာမြို့မငြိမ်းသိရှိခဲ့ရသည်။

ယခုလေးစား ကြည်ညိုရပါသော နန်းတော်ရှေ့ဆရာတင် ကွယ်လွန်သောအခါ ထိုတာဝန်မှာ မိမိနှင့်သက်ဆိုင်သွားလေပြီဟု စိတ်ထဲတနုံ့နုံ့လည်းဖြစ်နေ၏။ သို့သော် မတတ်နိုင်။ ကိုယ့်ကိုယ်နှိုက်က အဘိုးအဘွားနှင့် ဇနီးမယားအပေါ် မှီခိုနေရသူ။ မိသားစုတာဝန်ပင် ခေါင်းလွှဲနေသည့် အခြေအနေဖြစ်၏။ ထိုဝေဒနာက လူမသိသူမသိ အဖိစီးကြီး ဖိစီးနေရသည်။ နောက်ဆုံး တတ်နိုင်တာလေးတစ်ခုက မင်းသမီးခင်စန်းတင်အတွက် အငြိမ့်သီချင်းလေးတစ်ပုဒ် မေတ္တာဖြင့် သီကုံးကူညီခဲ့မည်ဟူ၍ ဖြစ်သည်။

ထိုနှစ်များ၌ မြို့မတူရိယာအသင်းကို ဂီတာဦးဘသိန်းက အသင်းအတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ လက်ရှိ အသင်းတွင်လည်း တူရိယာပစ္စည်းများ အတော်အတန် စုံလင်လာပြီဖြစ်သည်။ အသင်းပွဲတီးရှိလျှင် ထိုစဉ်က မန္တလေးတွင်ပြေးဆွဲနေသော မြင်းရထား(ဘီး၄လုံးနှင့်ရထားလုံး)တစ်စီး အပြည့်တင်ရသည်။ဘေ့စ်တယောကြီးကို အသင်းသားတစ်ဦးက ရထားလုံးခေါင်မိုးပေါ် တက်ထိုင်ပြီး ကိုင်လိုက်ရသည်ဆို၏။ ယခုလက်ရှိ မြို့မတူရိယာအသင်း၏ နာယကကြီးတစ်ဦးဖြစ်သူ ဦးတင်အေး(ယခုကွယ်လွန်)က ထိုစဉ်အခါ ရထားလုံးခေါင်မိုးပေါ်၌ ဘေ့(စ်)တယောကြီး ကိုင်ကာ စစ်သုံး သက္ကလပ်ဦးထုပ်ဝိုင်းကြီးဆောင်၍ လိုက်ပါရစဉ်က မိမိကိုယ်မိမိ ကာလီဖိုးနီးယားက ကောင်းဘွိုင်ကြီး တစ်ယောက်ပမာ စိတ်ကြီးဝင်ခဲ့သေးသည်ဟု ပြောပြဖူးသည်။

ထိုစဉ်က မြို့မအသင်း၏ ပွဲတီးများတွင်လည်း ရန်ကုန်မှ ဘီတီဘရားသား၊ ကိုအံ့ကြီး၊ ကိုဘဦးလေးတို့လည်း တစ်ခါတစ်ရံ ပါဝင်လာတတ်သည်။ ဂီတာဦးဘသိန်းက “နိဒါန်းသဝဏ်လွှာ” သီချင်းကိုလည်း ရေးစပ်ခဲ့သည့်ကာလလည်းဖြစ်၏။

ရန်ကုန်တွင် ဘီဒီဘရားသား အပျော်တမ်းတူရိယာအဖွဲ့ကလည်း အတီးကောင်း အဆိုကောင်းမို့ မြို့လူထုကြားတွင် ရေပန်းစားနေသည်။ ကိုအံ့ကြီးက အကော်ဒီယံကို လွယ်ပြီး သီချင်းဆိုသည်။ ညီဖြစ်သူ ကိုဘသိန်းက ဂီတာတီးသည်။ အစ်မဖြစ်သူ ဒေါ်မြခင်၏ခင်ပွန်း ကိုဘဦးက ကလယ်ရီနက် မှုတ်၏။ ကိုဘဦးက မန္တလေး မာဃတူရိယာအသင်းကဖြစ်သည်။ ကိုဘဦးက ကလယ်ရီနက်ကို မြန်မာနှဲကြီးနှဲလေး မှုတ်သလို အဆွဲအငင် အလူးအလိမ့် အဖြတ်အတောက်များနှင့် မှုတ်နိုင်သူဖြစ်သည်။ ကိုဘမြင့်က တယော၊ မန္တလေးမှပြောင်းရွှေ့လာသူ မြို့မကိုလှဒင်က ဂျပ်(စ်)ဘင် တီးသည်။ ဂျပ်(စ်)ဘင်အပြင် မြန်မာဒိုး၊ ကုလား တာပလာဗုံကိုပါ တီး၏။ လိုအပ်လျှင် ပါးစပ်က ခရာကိုပါ မှုတ်သေးသည်။ ဘီတီဘရားသားဝိုင်းက မန္တလေးမြို့မသီချင်းများကိုပဲ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သဖြင့် ရန်ကုန်တွင် အခြားဝိုင်းများနှင့်မတူ ထူးခြားနေသည်။

ကိုအံ့ကြီးက သူကလေး၊ သုံးရာသီ၊ တူရိယာလုလင်၊ တူရိယာလုံမေ၊ ပြုံးတုံ့လှယ် စသော သီချင်းများကို သီဆို၏။ ထိုစဉ်က စန္ဒကိန္ဒရီ ဓာတ်ပြားဖြင့် မြန်မာတစ်ပြည်လုံး ဟိုးလေးတစ်ကျော် ဖြစ်နေသော “မလှရွှေ”ကလည်း ဘီတီဘရားသား တီးဝိုင်းနှင့် လိုက်ပါသီဆိုသည်။ တကယ်တော့ မလှရွှေမှာ ၁၉၄၁ ခုနှစ်ကတည်းကဒ ဒေါ်စောမြအေးကြည်၏ နာမည်ကျော် “မိုးဒေဝါ” ပတ်ပျိုးကို ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ဓာတ်ပြားသွင်းကာ ရောင်းချခဲ့သဖြင့် မကြုံစဖူး အောင်မြင်ကာ “မိုးဒေဝါမလှရွှေ” ဟု လူသိများနေပြီဖြစ်သည်။ ဘီတီဘရားသားဝိုင်းနှင့် မလှရွှေသီဆိုစဉ်က အထူးကျော်ကြားသွားသော သီချင်းမှာ “နိဒါန်းသဝဏ်လွှာ” သီချင်းဖြစ်ပါ၏။

မန္တလေးမြို့မအသင်းမှ ဂီတာဦးဘသိန်း ရေးစပ်သော သီချင်းဖြစ်သည့် “နိဒါန်းသဝဏ်လွှာ” ကလည်း မိုးဘွဲ့သီချင်းတစ်ပုဒ်ဖြစ်သည်။ သီချင်းအစမှာ မိုးဒေဝါပတ်ပျိုးအစ စကားလုံးများဖြစ်သော်လည်း တစ်ပုဒ်လုံးအနေနှင့်မူ စာသားရောအသံပါ တစ်မူကွဲပြီး ထူးခြားဆန်းသစ်သည့် မြန်မာသံအဖွဲ့လေး သာမက အနောက်တိုင်း တေးကြီး၊ ဘွဲ့ကြီး အသွားနှင့်ပါ ရောစပ်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ မြန်မာ့မဟာဂီတ အရိုးအသားကိုလည်း အနောက်တိုင်း တူရိယာများဖြင့် အသံခန့်ခွဲ တီးမှုတ်ကာ အနောက်တိုင်း တေးကြီးဘွဲ့ကြီးကိုလည်း သင်္ကေတနည်းစနစ်ဖြင့် လက်ဆင့်ကမ်း တီးမှုတ်နိုင်သည့် သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါ၏။ စာသားလေးတွေကလည်း ညက်လို့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW