VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

-တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်တော့မယ်

– သစ်သားဂြိုဟ်တု အာကာသထဲလွှတ်တင်ဖို့ ဂျပန်သုတေသီတွေ ကြိုးပမ်း

– ChatGPT နဲ့အပြိုင် ကိုယ်ပိုင်ဥာဏ်ရည်တုနည်းပညာဖန်တီးမယ့် Huawei

– Google ရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်းကို ကြေညာ

မျိုးဆက်(VOM)

(၁) တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်ဖို့စီစဉ်

မောင်းနှင်နိုင်တဲ့ အကွာအဝေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ ကမ္ဘာ့တ၀န်းလျှပ်စစ်ကားတွေ ပြောင်းလဲသုံးစွဲရေး အကူးအပြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်ပါတယ်။

ဒါပေမယ့် ဒီအချက်အတွက် အလားအလာရှိတဲ့ဖြေရှင်းချက်အနေနဲ့ တကြိမ်အားသွင်းရင် မိုင်ပေါင်း ၆၂၁ မိုင်( ၁၀၀၀ ကီလိုမီတာ) ထိခရီးရောက်နိုင်မယ့် လျှပ်စစ်ကားဘက်ထရီအမျိုအစားသစ်ကို တရုတ်အခြေစိုက် Gotion High Tech ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

ကုမ္ပဏီဟာ L600 lithium-manganese-iron-phosphate (LMFP) Astroinno အမျိုးအစားသစ်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး Volkswagen ဆီကနေ ဘက်ထရီအမှာစာတွေရရှိထားတယ်လို့ ဆိုပါတယ်။

ဒီဘက်ထရီ တီထွင်ထုတ်လုပ်ရေးကို ၁၀ နှစ်ကြာ သုတေသနပြုလုပ်ခဲ့ပြီး လိုအပ်တဲ့စမ်းသပ်မှုအဆင့်အားလုံးကို အောင်မြင်ခဲ့ကာ လာမယ့် ၂၀၂၄ ခုနှစ်မှာ အမြောက်အများထုတ်လုပ်မှုစတင်သွားမယ်လို့ ပြောပါတယ်။

နည်းပညာအပြောင်းအလဲနဲ့ပြုလုပ်ထားတဲ့ အဲဒီဘက်ထရီဟာ သူ့ရဲ့သတ်မှတ်သက်တမ်းအတွင်း မိုင်ပေါင်း ၂ ဒသမ ၄ သန်းထိ ခရီးရောက်အောင်စွမ်းဆောင်နိုင်ပြီး ဒါဟာ ကမ္ဘာ့လျှပ်စစ်ကားစျေးကွက်ကို ကြီးမားတဲ့အပြောင်းအလဲတခုဖြစ်လာမလား စောင့်ကြည်ရမှာဖြစ်ပါတယ်။

(၂) သစ်သားဂြိုဟ်တု အာကာသထဲလွှတ်တင်ဖို့ ဂျပန်သုတေသီတွေ ကြိုးပမ်း

ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က သုတေသီတွေနဲ့ နိုင်ငံတကာက သိပ္ပံပညာရှင်တွေဟာ နိုင်ငံတကာ အာကာသစခန်းမှာ ၁၀ လကြာ သုတေသနတွေပြုလုပ်ပြီးနောက် သစ်သားနဲ့ပြုလုပ်ထားတဲ့ ဂြိုဟ်တုကို လာမယ့်နှစ်မှာ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။

၁၀ လကြာလေ့လာမှုအတွင်း မက်နိုလီးယားသစ်သားနဲ့ပြုလုပ်ထားတဲ့ ဂြိုဟ်တုဟာ အာကာသထဲမှာ ကာလရှည်ကြာ မပျက်စီးပဲ တာရှည်ခံကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာ အာကာသစခန်းမှာ စမ်းသပ်မှုတွေမှာ ပရိဘောဂနဲ့အခြားထုတ်ကုန်တွေမှာ အသုံးပြုတဲ့သစ်သားအမျိုးအစား သုံးမျိုးကို စမ်းသပ်ဖို့ယူဆောင်သွားခဲ့ကြတာဖြစ်ပြီး အပူချိန်ပြောင်းလဲမှု၊ ဓါတ်ရောင်ခြည်ဒဏ်ခံနိုင်ရည်ရှိမရှိသိနိုင်ဖို့အတွက် အာကာသစခန်းပြင်ပမှာ ၁၀ လကြာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လက ယူဆောင်သွားတဲ့ အဲဒီသစ်သားဟာ ကမ္ဘာမြေကိုပြန်လည်ရောက်ရှိချိန်မှာတော့ အက်ခြင်း၊ ကွဲခြင်း သို့မဟုတ် တစ်စုံတစ်ရာယိုယွင်း ပျက်စီးမှု မတွေ့ရကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါဟာ အနာဂါတ်မှာ လွှတ်တင်မယ့် ဂြိုဟ်တုတွေအတွက် ရိုးရှင်းလွယ်ကူသလို ဂြိုဟ်တုနည်းပညာဆိုင်ရာ သိသာထင်ရှားတဲ့ တီထွင်ဆန်းသစ်မှုဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုပါတယ်။

(၃) ChatGPT နဲ့အပြိုင် ကိုယ်ပိုင်ဥာဏ်ရည်တုနည်းပညာဖန်တီးမယ့် Huawei

OpenAI ကဖန်တီးထားတဲ့ ChatGPT ဟာလက်ရှိ (AI) ဥာဏ်ရည်တုနည်းပညာထဲမှာတော့ အကောင်းဆုံးနဲ့ စွမ်းရည်အထက်ဆုံးလို့ သတ်မှတ်နိုင်ပြီး Google ၊ Microsoft တို့လို ကုမ္ပဏီကြီးတွေက ကိုယ်ပိုင် AI တွေဖန်တီးဖို့ အားထုတ်နေကြပါတယ်။

ဒီထဲမှာ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei လည်းပါ၀င်နေပြီး OpenAI ရဲ့ ChatGPT နဲ့အပြိုင် NetGPT ကိုဖန်တီးနေပြီး မကြာသေးမီက တရုတ်မူပိုင်ခွင့်ရုံးမှာ မူပိုင်ခွင့်လျှောက်ထားခဲ့ပါတယ်။

NetGPT နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မူပိုင်ခွင့်လျှောက်လွှာမှာ အသေးစိတ်ဖော်ပြမထားပေမယ့် ဒါဟာ AI Chatbot တစ်ခုကို ဖန်တီးနေတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

Open AI ရဲ့ စွမ်းရည်မြင့် Chat GPT-4 ဥာဏ်ရည်တုနည်းပညာထက် ပိုမိုမြင့်မားတဲ့ ဥာဏ်ရည်တုနည်းပညာတွေ ဖန်တီးတာကို ခြောက်လရပ်နားဖို့ အီလွန်မာ့ခ်အပါအ၀င် ဥာဏ်ရည်တုနည်းပညာရှင်တွေက တောင်းဆိုထားပြီး ဒီနည်းပညာအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြပါတယ်။

မိုက်ခရိုဆော့ဖ်နဲ့ အခြားကုမ္ပဏီအချို့ကတည်း သူတို့ရဲ့ထုတ်ကုန်တွေမှာ Chat GPT ဥာဏ်ရည်တုနည်းပညာကို ထည့်သွင်းဖို့ တွန်းအားပေးလုပ်ဆောင်နေပြီး အီတလီလိုနိုင်ငံအချို့ကတော့ Chat GPT အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။

(၄)Google ရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်းကို ကြေညာ

နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ကုမ္ပဏီဟာ ကာလရှည်ကြာသတင်းတွေထွက်ပေါ်နေခဲ့တဲ့ Pixel Fold ကို တရား၀င်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်း Pixel Fold ရဲ့ အပြင်မျက်နှာပြင်အရွယ်အစားက ၅ ဒသမ ၈ လက်မရှိပြီး အတွင်းဘက်မျက်နှာပြင်ကတော့ ၇ ဒသမ ၆လက်မရှိကာ OLED မျက်နှာပြင်တွေကို အသုံးပြုထားပါတယ်။

ဒီစမတ်ဖုန်းသစ်မှာ Tensor G2 SoC နဲ့အထိုင်ချထားပြီး Titan M2 security coprocessor တွဲဖက်ပါ၀င်ကာ Ram 12 G နဲ့ Storage 256G 512 G ထည့်သွင်းပေးထားကာ စမတ်ဖုန်းရဲ့မျက်နှာပြင်တွေကို Gorilla Glass Victus နဲ့ကာကွယ်ပေးထားပါတယ်။

ကင်မရာအနေနဲ့ ကျောဘက်မှာ 48Mp Main Camera 10.8Mp Ultrawide နဲ့ 10.8Mp Optical Zoom Telephoto စတဲ့ ကင်မရာသုံးလုံးပါ၀င်ကာ ပါ၀င်ခလုပ်အောက်မှာ လက်ဗွေရာလုံခြုံရေးစနစ်ကို ထည့်သွင်းပေးထားပါတယ်။

လက်ရှိမှာတော့ ရောင်းစျေးဒေါ်လာ ၁၇၉၉ နဲ့ အမေရိကန်မှာ ကြိုတင်မှာယူနိုင်ပြီး နောက်ပိုင်းမှာတော့ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်နဲ့ အခြားနိုင်ငံတွေမှာရောင်းချသွားမယ်လို့ Google က ထုတ်ပြန်ထားပါတယ်။

Ref:IE/ GSM Arena
#VOM #voiceofmyanmar #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW