အောက်တိုဘာ ၉ – ၂၀၂၃
SN (VOM)
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကနေ ဒီနေ့ ၉ ရက်နေ့အထိ တပတ်တာကာလအတွင်း ပြည်တွင်းက ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက် အခြေအနေမှာ ရွှေဈေးကတော့ အကျဈေးမှာ အလှုပ်အခတ် နည်းနေပြီး အမေရိကန်ဒေါ်လာဈေးကတော့ ကျပ် ၃၀၀၀ ကျော်ဝန်းကျင် ဈေးတန်းမှာပဲ အတက်အကျ ငြိမ်နေကာ စက်သုံးဆီဈေးကတော့ ကျပ် ၂၀၀၀ အောက်ဝန်းကျင်ကို ရောက်ရှိလာပါတယ်။
လက်ရှိမှာ နစကတာဝန်ရှိသူေတွဟာ အခြေခံစားသောက်ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက် နိုင်ငံခြားငွေ ရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့သလို ရွှေရောင်းချသူတွေနဲ့ ရွှေကုန်သည်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ဒါ့ကြောင့် မြန်မာ့ကုန်သွယ်မှုမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းဈေးတွေ အတက်အကျ ငြိမ်နေသလို၊ စက်သုံးဆီဈေးဟာလည်း တောက်လျှောက် ကျရိပ်ပြနေကာ ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း အလှုပ်အခတ် နည်းနေတာကြောင့် ဈေးကွက်လားရာကို ချိန်ဆနိုင်စေဖို့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့တပတ်အတွင်း ဈေးကွက် အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းရွှေဈေးဟာ နစကရဲ့ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမှုဂယက်ကြောင့် တကျပ်သားကို ကျပ် ၃၈ သိန်းကျော်၊ သိန်း ၄၀ နားအထိ စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့ရာကနေ စက်တင်ဘာ နောက်ဆုံးပတ်ကစလို့ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် နစက က ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ကာလတွေအတွင်း ရွှေဒင်္ဂါးပြားတွေ ရိုက်နှိပ်ရောင်းချတာတွေ ပြုလုပ်ခဲ့သလို ရွှေလုပ်ငန်းရှင်အသင်းတွေကိုလည်း ဖိအားပေးပြီး ဈေးလျှော့ရောင်းချခိုင်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်တွင်းရွှေဈေးနှုန်းတွေကိုတော့ လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
“ဒီတပတ်အတွင်းမှာတော့ ပြည်တွင်းရွှေဈေးက ၃၃ သိန်း၊ ၃၄ သိန်း ပတ်ချာလည်မှာပဲ ရှိနေတာပါ။ အရမ်းကြီးလည်း မတက်၊ အရမ်းကြီးလည်း မကျဘဲ ၃၃ ၊ ၃၄ ဈေးတန်းမှာပဲ ရှိနေတာပေါ့။ အရောင်းအဝယ်ကတော့ အရင်လိုပဲ ထိန်းပြီးသွားနေရတဲ့ သဘောပေါ့” လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေရည်ညွှန်းဈေးကို ဗဟိုဘဏ်ငွေလဲနှုန်း ၂၁၀၀ ကျပ်နဲ့ တွက်ချက် ထုတ်ပြန်နေရာက အောက်တိုဘာ ၇ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်လေလံဈေး ၂၉၃၂ ကျပ်နဲ့ ပြောင်းလဲတွက်ချက် ထုတ်ပြန်လာတာကြောင့် ၂၁ သိန်းကျော် ဝန်းကျင်မှာရှိနေတဲ့ ရည်ညွှန်းဈေးဟာ ၂၈ သိန်းကျော်ဝန်းကျင်ကို ပြောင်းလဲ ရောက်ရှိလာတာကို တွေ့ရပါတယ်။
ရွှေရည်ညွှန်းဈေးကို လေလံဈေးအတိုင်း တွက်ချက်ဖွင့်လှစ်လိုက်တာဟာ ဗဟိုဘဏ် ညွှန်ကြားချက်ကြောင့်လို့ သိရပြီး ဗဟိုဘဏ်က ဘာ့ကြောင့် အခုလို ညွှန်ကြားချက်ပေးရတာလဲ ဆိုတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကို VOM က ဆက်သွယ်မေးမြန်းရာမှာတော့ “ဗဟိုဘဏ်ကတော့ ဈေးနှုန်းကတော့ နှစ်မျိုး၊ သုံးမျိုးရှိတယ်။ ဒါက အပြင်မှာ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးပေါ့။ ဗဟိုဘဏ်ကနေ ဘဏ်တွေကပြန်ဝယ်ပြီး ရောင်းတဲ့ဈေးပေါ့။ အဲ့ဒီ့ဈေးနဲ့ လုပ်ခိုင်းတဲ့သဘောပါပဲ။ ဥပမာဆိုရင်တော့ export လုပ်သူတွေအားလုံးကိုသူက ၅၀ ရာခိုင်နှုန်းကို ၂၁၀၀ နဲ့ဖြတ်ပြီးတော့ ဝယ်တယ်ပေါ့။ ဝယ်ပြီးတော့ ဒီငွေကိုပဲပြန်ပြီးတော့ အပြင်မှာ ဘဏ်တွေကိုပြန်ပြီးတော့ လေလံပြန်ပစ်တယ်ပေါ့။ အဲ့ဒီ့လို လေလံပြန်ပစ်တဲ့အခါကျတော့ အဲ့ဒီနေ့ကဆိုရင် ၂၉၃၀ ပေါ့၊ သူတို့ဝယ်တာက။ နောက် သူတို့ပြန်ရောင်းတာက ၂၉၃၂ ၊ အဲ့ဒီ့ ဘဏ်လေလံမှာပေါ့။ အဲ့ဒီ့ဈေးနှုန်းနဲ့ ကျွန်တော်တို့က တွက်ချက်တဲ့သဘောပါပဲ။ အဲ့ဒီ့လိုပဲ နောက်တခုက သင်္ဘောသား နိုင်ငံခြားလုပ်ခလစာတို့ အဲ့ဒါတွေကျတော့ မြန်မာငွေဆောင်ပြီးတော့ ပေးတာတွေရှိသေးတယ်။ ဈေးနှုန်းကတော့ မူလသတ်မှတ်တဲ့ဈေး ၂၁၀၀ နဲ့ ဝယ်တာလည်းရှိတယ်၊ ပြန်ရောင်းတဲ့အခါတော့ လေလံဈေးနဲ့ပြန်ရောင်းတယ်ပေါ့။ နောက်တခါ နိုင်ငံခြားသား အလုပ်သမားခတွေကျတော့ ဒီ့ထက် ဈေးပိုပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အနီးစပ်ဆုံး အမှန်ဖြစ်အောင်လိုက်တာပေါ့လေ။ အဲ့ဒါကြောင့် ၂၉၃၂ ကျပ်၊ ဗဟိုဘဏ်တင်ဒါဈေးနှုန်းနဲ့မြှောက်ပြီးတော့ ရည်ညွှန်းဈေးကို စဖွင့်ပေးလိုက်တာ။ ပြောရရင်တော့ ဈေးတန်းတွေအားလုံးကို အနီးစပ်ဆုံးဖြစ်အောင် ထိန်းညှိလိုက်တဲ့ သဘောပေါ့။ အဲ့ဒီ့လိုပဲ နောက်ပိုင်းကျရင် ဗဟိုဘဏ်တင်ဒါဈေးနဲ့ပဲ နေ့စဉ်ဖွင့်သွားပါမယ်” လို့ ပြောပါတယ်။
အခုလို YGEA ရဲ့ ရည်ညွန်းဈေးပြောင်းလဲမှုဟာ ပြင်ပ ရွှေဈေးကွက်နဲ့ သက်ဆိုင်မှုမရှိဘဲ ဈေးကွက်အပေါ် ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“သူတို့ဘာသာသူတို့ အစိုးရဈေးနှုန်းနဲ့တွက်ပြီး ကြေညာနေတာကြာပါပြီ။ ဒါက ပြင်ပဈေးနှုန်းနဲ့ မသက်ဆိုင်ပါဘူး။ ပြင်ပပေါက်ဈေးက ပုံမှန်ပါပဲ၊ ဘာမှ မဖြစ်ပါဘူး။ လက်ရှိ ပြင်ပရွှေဈေးကွက် အနေအထားကတော့ လက်ရှိမှာ အဖမ်းခံရတဲ့သူတွေအကုန်လုံး ပြန်လွတ်သွားပြီဆိုပေမယ့် ရွှေလုပ်ငန်း လုပ်နေတဲ့သူတွေအကုန်လုံးကတော့ ခုချိန်ထိ မှောင်ခိုပုံစံမျိုး ဖြစ်နေတုန်းပါပဲ။ ဟိုးအရင်တုန်းကလို ရန်ကုန်တိုင်းရွှေအသင်းမှာ သွားပြီးတော့ အရောင်းအဝယ် လုပ်နေတဲ့သူတွေကလည်း တယောက်မှ မရှိကြတော့ပါဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြည်တွင်းရွှေဈေးဟာ ၂၀၂၁ ခုနှစ် မတိုင်ခင်က တကျပ်သား ၁၃ သိန်း ဝန်းကျင်သာ ရှိခဲ့ရာက အဲ့ဒီ့နောက်မှာတော့ ရွှေဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်ခဲ့သလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ပြည်တွင်း ငွေလဲနှုန်းတွေကတော့ တပတ်တာအတွင်း အတက်အကျ၊ အပြောင်းအလဲ မရှိဘဲ ဈေးငြိမ်နေပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုကို လျှော့ချဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ထုတ်ရောင်းခဲ့သလို ဈေးကစားတယ် ဆိုတဲ့အချက်တွေနဲ့ ဒေါ်လာ အရောင်းအဝယ်လုပ်သူတွေကို ခေါ်ယူစစ်ဆေး၊ မေးမြန်းထိန်းသိမ်းတာ၊ အသွင်ယူ ဖမ်းဆီးတာတွေ ပြုလုပ်လာတဲ့အတွက် လက်ရှိ နိုင်ငံခြားငွေလဲ ဈေးကွက်အတွင်းမှာ အမေရိကန် တဒေါ်လာ ကျပ် ၃၀၀၀ ကျော်နီးပါးသာ ရှိတော့တယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေဆီက သိရပါတယ်။
“လက်ရှိ ငွေကြေးဈေးကွက် အနေအထားက ခန့်မှန်းရခက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကစပြီး ဒေါ်လာဈေးကွက်ထဲမှာလည်း အသွင်ယူဖမ်းဆီးတာတွေ လုပ်လာတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းတဲ့အထိ ဖြစ်နေတယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတဦးက ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ ၎င်းတို့ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ Money Changer တွေကို ပိတ်သိမ်းပြီး နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့်လိုင်စင် ရုပ်သိမ်းတာတွေ ပြုလုပ်လျက်ရှိရာမှာ လိုင်စင် ရုပ်သိမ်းခံရတဲ့ Money Changer ၂၀၀ နီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ဒေါ်လာအပြင် လက်ရှိမှာ တခြားသော ငွေလဲနှုန်းတွေလည်း ဈေးငြိမ်နေတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ စင်္ကာပူ ၂၄၃၀ ကျပ်ဝန်းကျင်၊ ယူရို ၃၅၁၂ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၇၂၄ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၂.၇၁ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၁.၃၂ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၆၁ ကျပ်ဝန်းကျင် စသဖြင့် ပေါက်ဈေးဖြစ်ပေါ်နေပြီး အချိန်နဲ့အမျှ ဈေးနှုန်းပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေကတော့ ကမ္ဘာ့ရေနံစိမ်းဈေး ကျဆင်းလာမှုကြောင့် အောက်တိုဘာ ၅ ရက်မှစတင်ကာ 92 တလီတာ ကျပ် ၂၀၀၀ အောက် ကျဆင်းလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
အဲ့ဒီ့လို ဈေးနှုန်းကျဆင်းလာပြီးနောက်ပိုင်း ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူလို့မရတော့ဘဲ အချိန်ပေး စောင့်ဆိုင်းကာ တန်းစီ ဝယ်ယူရတာတွေလည်း ရှိနေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
“ဈေးကျပြီဆို မရောင်းကြတော့ဘူး။ ဈေးကျပြီဆိုတာနဲ့ ဆီပြတ်နေပြီပဲပြောကြတာ။ အခုက 92 တင်မဟုတ်ဘူး၊ တချို့ဆိုင်တွေဆို 95 တောင် ဝယ်မရတော့ဘူး။ ဆီစျေးနှုန်း ကြော်ငြာဆိုင်းဘုတ်မှာလည်း 92,95 ဆီအမျိုးအစားတွေကို စျေးနှုန်း ရေးထားတာမျိုး မတွေ့ရတော့ဘူး။ စျေးတက်တုန်းကတော့ အတက်စျေးနဲ့အကြိုက်ရောင်းခဲ့ပြီးမှ ကျသွားတော့မှ ဆီပြတ်လပ်နေတယ်လာလုပ်နေတယ်။ အခုက တန်းစီးပြီး ဝယ်နေရတာတောင် အဆင်မပြေဘူး။ ဆီလက်ကျန်ရှိရက်နဲ့ အရောင်းရပ်ထားတယ်ဆိုရင်တော့ စစ်ဆေးအရေးယူသင့်တယ်” လို့ အငှားယဉ်မောင်းတဦးက ပြောပါတယ်။
သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ပြတ်လပ်နေတဲ့အတွက် ဈေးကွက်အတွင်းမှာ 92,95 မရောင်းချနိုင်ခြင်းဖြစ်တယ်လို့ စက်သုံးဆီအရောင်းဆိုင်တချို့မှ သိရပါတယ်။
စက်သုံးဆီစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမြင့်ဆုံးစျေးနှုန်းတွေအဖြစ် ရန်ကုန်မြို့စျေးကွက်မှာ 92 တလီတာ ၂၄၄၀ ကျပ်၊ 95 တလီတာ ၂၅၆၅ ကျပ်၊ ဒီဇယ်တလီတာ ၂၆၅၀ ကျပ်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စက်တင်ဘာလပေါက်စျေးထက် တလီတာကို ကျပ်ငါးရာဝန်းကျင် စျေးကျသွားခြင်းဖြစ်ကာ အဲ့ဒီ့လို စျေးကျသွားရာမှ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်ခြင်း၊ အရောင်းရပ်သွားခြင်းတို့ ဖြစ်ပေါ်လာတာဖြစ်ပြီး ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူလို့မရတော့ဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၉ ရက်နေ့မှာတော့ ရန်ကုန်မှာ အောက်တိန်း 92 တလီတာ ၁၉၄၅ ကျပ်၊ 95 တလီတာ ၂၀၄၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၆၅ ကျပ်၊ မန္တလေးမှာ အောက်တိန်း 92 တလီတာ ၁၉၉၅ ကျပ်၊ 95 တလီတာ ၂၀၉၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၇၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၁၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၁၉၉၀ ကျပ်၊ 95 တလီတာ ၂၀၉၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၁၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
Telegram Link: https://t.me/VOMNEWS2023/2862