ထားဝယ်အရှေ့တော တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

 

ဖေဖော်ဝါရီ ၂၅ – ၂၀၂၄

SN (VOM)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲ့ဒီ့ ဒေသခံတွေဆီက သိရပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တနင်္သာရီတိုင်းအတွင်းက PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ ဝကုန်း၊ ဘဝပင်၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ မေတ္တာ စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ပြေးတာကတော့ ဘေးလွတ်ရာ တခြားရွာတွေကို ပြေးကြတာ ရှိတယ်။ တချို့ကတော့ ဥယျာဉ်ခြံတွေ၊ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေတာ ရှိတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ အဓိက ကတော့ စားရေးသောက်ရေး အခက်အခဲပါ။ တောတောင်တွေ၊ ဥယျာဉ်ခြံတွေဘက် ရောက်နေတဲ့ သူတွေက နေရာထိုင်ခင်းကအစ ပိုပြီး အခက်အခဲဖြစ်နေကြတယ်” လို့ ကျောက်မဲတောင်ရွာက ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထားဝယ်အရှေ့တော ဒေသထဲ တပ်အင်အား ၃၀၀ ကျော်၊ စစ်ကား ၁၇ စီးနဲ့ နစကတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့နေ့စလို့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာဟာ ဒီကနေ့နဲ့ဆို ရက်‌ပေါင်း ၁၀ ရက်တိတိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်‌နေတဲ့ သင်္ကန်းတုံး၊ ဝကုန်းနဲ့ ကျောက်မဲတောင်ရွာတွေကတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ တခြား ရွာတွေကတော့ ကျန်တဲ့သူတွေ ကျန်ခဲ့သေးတယ်” လို့ ကျောက်မဲတောင်ရွာ ဒေသခံက ပြောပါတယ်။

နစကဘက်ကတော့ အခုဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက တိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – မြန်မာ (United Nations OCHA Myanmar) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ နေရပ်စွန်ခွာရသူဦးရေ ၂ ဒသမ ၇ သန်းထဲက ၂ ဒသမ ၄ သန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ အရေအတွက် ဖြစ်တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Crd: Original Uploader

 

Related posts

✕
VOM News

FREE
VIEW