ဖေဖော်ဝါရီ ၇ – ၂၀၂၅
SN (VOM)
တေးရေးဆရာ နိုင်မြန်မာဟာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်၊ မနက် ၈ နာရီကျော်အချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ နေအိမ်မှာ နှလုံးလေဟပ်ပြီး ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
နိုင်မြန်မာ ကွယ်လွန်တဲ့အကြောင်းကို ဂစ်တာပညာရှင် နိုင်ဇော်က “တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတခုလုံး ဆုံးရှုံးရသလိုခံစားရပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
နိုင်မြန်မာဟာ ကမ္ဘာမကျေဘူး၊ ဝါဆို၊ ခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး၊ ချစ်လူမိုက် စတဲ့ အောင်မြင်တဲ့ တေးသီချင်းတွေကို ဖန်တီး ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရလက်ထက်မှာ ဆေးရောင်စုံမြင်ကွင်းကျယ် သီချင်းကြောင့် တရားရင်ဆိုင်ခဲ့ရဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။
နိုင်မြန်မာကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ ချွေးမတော်စပ်သူ အဆိုတော်ဗျူဟာရဲ့ ဇနီး မခင်ချစ်ကြင်က “အိပ်မပျော်ဘူး။ ရင်ထဲမှာတမျိုးကြီးပဲမို့လို့ စာတောင် တင်လိုက်သေးတယ်။ အပါး ဦး(နိုင်မြန်မာ) ဒီမနက်မှာပဲ ကွယ်လွန်ပါတယ်။ ငြိမ်းချမ်းသွားပါပြီ။ အပါး လွတ်လပ်သွားရပါပြီ ” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
အခုလို နိုင်မြန်မာကွယ်လွန်ချိန်မှာ သူ့ရဲ့ သားဖြစ်သူ အဆိုတော်ဗျူဟာက နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
သီချင်းတွေအပြင် ကဗျာတွေကိုလည်း ရေးသားသူဖြစ်တဲ့ တေးရေးနိုင်မြန်မာဟာ နှလုံးရောဂါအခံ ရှိသူဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ကိုဗစ် – ၁၉ ရောဂါနဲ့ သေဆုံးပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ဖူးပေမယ့် အသက်ရှင်ခဲ့ပြီး ဒီကနေ့မှာတော့ နှလုံးရောဂါနဲ့ အမှန်တကယ် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Photo:CJ