ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေး အမေရိကန်ရဲ့ရပ်တည်ချက်အပေါ် မူတည်နေတယ်လို့ ကင်ဂျုံအန် သတိပေး

ဆိုးလ်၊ ဧပြီ ၂၆-၂၀၁၉

မျိုးဆက် (VOM)

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်လုံခြုံရေးဟာ အမေရိကန်ရဲ့ အနာဂါတ်မှာ ထားရှိမယ့် ရပ်တည်ချက် သဘောထားအပေါ် လုံးဝမူတည်နေတယ်လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့တယ်လို့  မြောက်ကိုရီးယားနိုင်ငံပိုင် ကေအင်န်စီအေ သတင်းဌာနက ဧပြီ ၂၆ ရက်မှာ ဖော်ပြပါတယ်။

ကင်ဂျုံအန်ရဲ့ မှတ်ချက်ပြုပြောဆိုတာတွေဟာ ရေးယူပိတ်ဆို့မှုတွေ လျှော့ချဖို့ မြောက်ကိုရီးယားက တောင်းဆိုထားတာကို  လက်ခံရာမှာ ပိုမိုပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ အမေရိကန်အပေါ် ဖိအားပေးပုံရပြီး ဖေဖော်ဝါရီလက ဟနွိုင်းမှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မအောင်မြင်ခဲ့တဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကာလက အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ နှိုင်းယှဉ်ပြောဆိုပုံရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်အနေနဲ့ ရပ်တည်ချက် ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့အတွက် ယခုနှစ်ကုန်အထိတိုင်အောင် သူကစောင့်ဆိုင်းသွားမယ်လို့လည်း ကင်ဂျုံအန်က ပြောပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့  အမေရိကန်-မြောက်ကိုရီးယားဆွေးနွေးပွဲမှာ ဆိုးရွားသည့် ယုံကြည်မှုအဖြစ် အမေရိကန်က တစ်ဖက်သတ် သဘောထားရပ်တည်ချက်ကို လုပ်ဆောင်နေချိန်မှာ ကိုရီးယားကျွန်းဆွယ် နဲ့ ဒေသတွင်းအခြေအနေတွေဟာ လုံးဝရပ်တန့်နေပြီး ယခင်ကလို မတည်မငြိမ် အခြေအနေကို ပြန်ရောက်နိုင်တဲ့ အကဲဆတ်တဲ့ အနေအထားသို့ ရောက်ရှိနေတယ်လို့ မစ္စတာကင်က ဆိုပါတယ်။

ဒါ့အပြင် ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးအတွက် မြောက်ကိုရီယားကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားမယ်လို့ ကင်ဂျုံအန်ကပြောဆိုပြီး ရုရှားသမ္မတပူတင်ကိုလည်း သင့်လျော်တဲ့အချိန်မှာ မြောက်ကိုရီးယားကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပြီး ပူတင်ကလည်း ဖိတ်ကြားမှုကို လက်ခံခဲ့တယ်လို့ ကေစီအင်န်အေ သတင်းဌာနက ဖော်ပြပါတယ်။

ပူတင်နဲ့ ကင်ဂျုံအန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းမှတ်ချက်ပေးတာတော့ မရှိပါဘူး။ ဒါပေမယ့် ကင်ဂျုံအန်ဟာ  ရုရှား ၊ တရုတ်နိုင်ငံတို့နဲ့ ထိတွေ့ဆက်ဆံတာဟာ  နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေကနေ  ရှင်သန်ရပ်တည်နိုင်ဖို့ အားထုတ်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ၀ီလီယံ ဟာဂါတီက မှတ်ချက်ပြုပြောဆိုပါတယ်။

#voiceofmyanmar#ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေး#အမေရိကန်ရဲ့ရပ်တည်ချက်အပေါ် မူတည်နေတယ်လို့ကင်ဂျုံအန်သတိပေး#

Ref & Photo : Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW