စက်သုံးဆီ လုပ်ငန်းရှင်တွေကို ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် ဆီဈေးကျမလာ

ဩဂုတ် ၂၉ – ၂၀၂၅
SS (VOM)
လက်ရှိမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းနေပေမယ့် ဈေးကွက်ထဲမှာတော့ စက်သုံး‌ဆီဈေး သိသိသာသာ ကျဆင်းမှု မရှိသေးဘူးလို့ သုံးစွဲသူတွေက ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၉၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၁၄၅ ကျပ်ဆိုပြီး ဩဂုတ် ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
ပရီမီယမ်ဒီဇယ်ကလွဲပြီး ကျန်တဲ့ စက်သုံးဆီ အမျိုးအစားတွေ အားလုံး ပြီးခဲ့တဲ့ တပတ်ကထက် ဈေးအနည်းငယ်စီ ပြန်တက်လာတာ တွေ့ရပြီး ၉၂ တလီတာ ပြင်ပပေါက်ဈေးကတော့ လက်ရှိမှာ တလီတာ ကျပ် ၃၀၀၀ ဝန်းကျင်ကနေ ၃၂၀၀ ကြား ရှိနေတယ်လို့ သိရပါတယ်။
“ဆီဈေးကျအောင် ထိန်းကျောင်းနေတယ်၊ ‌နိုင်ငံခြား‌ငွေတွေ ရောင်းပေးနေတယ်လို့သာ သတင်းတွေမှာ တွေ့နေရတာ ဆီဈေးက ဘယ်မှာကျလို့လဲ။ ကျရင်လည်း ၁၀၊ ၁၅ ကျပ်၊ ၁၀၀ ဝန်းကျင်ပဲ။ ဈေးကျတယ်ဆိုတာ ၁၀၀၀ ကျော်၊ ၂၀၀၀ လောက် ပြုတ်ကျမှ ကျတယ်ခေါ်တာ” လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိ နိုင်ငံရေး တည်ငြိမ်မှုမရှိသေးတဲ့ ကာလမှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ စက်သုံးဆီဈေး မြင့်တက်နေမှုတွေကြောင့် သူ့ရဲ့ လုပ်ငန်းလည်ပတ်မှုဟာ သုံးပုံ၊ နှစ်ပုံခန့် ကျဆင်းနေပြီး ရပ်တန့်ရမယ့် အခြေအနေမျိုးအထိ မရောက်အောင် ကြိုးစား ရုန်းကန်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မီးကလည်း ပျက်တယ်၊ စက်သုံးဆီဈေးကလည်း တက်ပြီးရင် တော်ရုံနဲ့ ပြန်မကျတော့ ကျွန်တော်တို့လို မီးစက်နှိုးပြီး အလုပ် လုပ်ရမယ့်သူတွေအတွက်ကတော့ ရေရှည်သွားနိုင်အတွက် မနည်းကို ကျားကန်ထားရတဲ့ အခြေအနေပေါ့။ ဆီဈေးက အရင်တုန်းကလို တလီတာ ကျပ် ၅၀၀ ၊ ၆၀၀ ဝန်းကျင်ဈေး ပြန်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ၂၀၂၂ ခုနှစ်တုန်းကတောင် ၉၂ တလီတာ ၁၉၀၀ ကျော် ရှိခဲ့သေးတာပဲ။ လက်ရှိ ဆီဈေးကိုလည်း ကျပ် ၅၀၀၊ ၆၀၀ ဝန်းကျင်ဈေး မဟုတ်တောင် ၂၀၀၀ အထက် မရောက်အောင် တကယ် ထိထိရောက်ရောက် ထိန်းကျောင်းပေးစေချင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ‌ဈေး မြင့်တက်မှုနဲ့ အခြေခံကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ မဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ တခြား သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို နိုင်ငံခြား ငွေကြေးဈေးကွက် (FX Market Online Trading Platform) ကနေ ထုတ်ရောင်းပေးလျက် ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ် ၂၆ ရက်နေ့ကလည်း စက်သုံးဆီ လုပ်ငန်းရှင်‌တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း၊ တခြား သွင်းကုန် လုပ်ငန်းရှင်တွေအတွက် တရုတ် ယွမ် ၁၅ သန်း ထပ်မံ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာထားပါတယ်။
ရောင်းချပေးမယ့် တဒေါ်လာ ငွေလဲနှုန်းကို အဆိုပါ ထုတ်ပြန်ချက်မှာ သီးခြား ဖော်ပြထားခြင်း မရှိပေမယ့် မနေ့ သြဂုတ် ၂၈ ရက်၊ FX Trading Platform မှာတော့ တဒေါ်လာ ၃၆၂၇ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်တွေကတော့ ဗဟိုဘဏ်အနေနဲ့ အခုလို ထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးနေတာဟာ ထိရောက်မှု မရှိဘူးလို့ ပြောဆိုနေကြပြီး အဓိက ပြဿနာဖြစ်တဲ့ ငွေလဲနှုန်း ကွာဟချက်နဲ့ ခွဲတမ်းရရှိမှု မလုံလောက်ခြင်း စတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရင်တော့ ဆီဈေးနှုန်း ကျဆင်းမှု မရှိနိုင်ဘူးလို့ သုံးသပ် ပြောဆိုကြပါတယ်။
“သူတို့ နိုင်ငံခြားငွေတွေ ရောင်းပေးနေတယ် ဆိုတာက ဟန်ပြသက်သက်လို ဖြစ်နေတယ်။ ခွဲတမ်းနဲ့ ရောင်းပေးနေတာ ဖြစ်တဲ့အတွက် တကယ်လိုအပ်တဲ့ ကုန်သည်တွေဆီ အပြည့် မရောက်သလို ဝယ်မရတဲ့အခါတွေလည်း ရှိတယ်။ ဒီနေရာမှာ ဘယ်လုပ်ငန်းရှင်တွေကို ဘယ်လို ခွဲဝေပေးနေတယ် ဆိုတာကိုလည်း ဗဟိုဘဏ်က ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ဖော်ပြထားတာမျိုးလည်း မတွေ့ရဘူး” လို့ သူက ပြောပါတယ်။
ခွဲတမ်းရရှိမှု မလုံလောက်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့ နိုင်ငံခြားငွေ ပမာဏကို ပြင်ပကနေ ဈေးကွက် ပေါက်ဈေးအတိုင်း ထပ်မံ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
“ခုဏက ကျွန်တော်ပြောသွားတဲ့ အဓိကအချက်တွေကို မဖြေရှင်းနိုင်သရွေ့ကတော့ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားတွေကို ဘယ်လောက်ပဲ ထုတ်ရောင်းပေးနေနေ ဈေးနှုန်းမြင့်တက်မှုတွေကတော့ ဆက်ဖြစ်နေဦးမှာပဲ” လို့ သူက ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ မနေ့ ဩဂုတ် ၂၈ ရက်မှာလည်း FX Trading ကနေ ငွေလဲနှုန်း ၅၅၅ ကျပ်နဲ့ တရုတ် ယွမ် နှစ်သန်းကျော်၊ AD လိုင်စင်ရဘဏ်တွေမှ ငွေလဲနှုန်း ၃၆၂၇ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်၊ ငွေလဲနှုန်း ၁၃၄ ကျပ်နဲ့ ထိုင်းဘတ် ကိုးဆယ့်ရှစ်သန်းကျော်ကို စားသုံးဆီ၊ စက်သုံးဆီ၊ CMP ကုမ္ပဏီတွေနဲ့ Non – trade payment တွေအတွက် ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။

အလားတူ ဩဂုတ် ၂၇ ရက်နေ့ကလည်း အဆိုပါ လုပ်ငန်းရှင်တွေအတွက် CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက ငွေလဲနှုန်း ၅၅၅ ကျပ်နဲ့ တရုတ် ယွမ် တသန်းကျော်၊ ငွေလဲနှုန်း ၃၆၂၆ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်၊ ငွေလဲနှုန်း ၁၃၄ ကျပ်နဲ့ ထိုင်းဘတ် ၆၇ သန်းကျော်ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ အခု ဩဂုတ်လအတွင်းမှာ စက်သုံးဆီကဏ္ဍအတွက် ကန်ဒေါ်လာ စုစုပေါင်း ၉၄ သန်းကို သုံးကြိမ်တိုင်တိုင် ရောင်းချပေးထားပြီးဖြစ်ကာ လက်ရှိမှာလည်း အဆိုပါ ကဏ္ဍအတွက် လေးကြိမ်မြောကဖြစ် ကန်ဒေါ်လာ ၃၂ သန်းကို ထပ်မံ ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW