ဝါရှင်တန်၊ ဩဂုတ်-၃၀-၂၀၂၅
ရတီ(VOM)
အမေရိကန်နိုင်ငံထဲကို ပါလက်စတိုင်းတာဝန်ရှိသူတွေ ဝင်ရောက်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် အမေရိကန်က ကြေညာလိုက်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်လိုနိုင်ငံတွေက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ စီစဉ်နေချိန်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပါ။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ဝင်တွေအတွက် ဗီဇာတွေကို ငြင်းပယ်ပြီး ပယ်ဖျက်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့က ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ်အဘက်စ်နဲ့ အခြားလူ ၈၀ ခန့် ပါဝင်ပါတယ်။
အစ္စရေးနဲ့ ပဋိပက္ခကို ချဲ့ထွင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်က အဲဒီအဖွဲ့နှစ်ခုကို စွပ်စွဲထားပါတယ်။ ဒီအားထုတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ပါလက်စတိုင်းနိုင်ငံကို တဖက်သတ်အသိအမှတ်ပြုမှု ရယူဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဥက္ကဖြစ်သူ အဘက်စ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ထရန့်အစိုးရကို ဒီဆုံးဖြတ်ချက် ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုထားကြောင်း သူက ဆိုပါတယ်။
ဒီကိစ္စကို အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ တာဝန်ရှိသူတွေ ဆက်ဆံရေးကို စည်းမျဉ်းသတ်မှတ်ပေးထားတဲ့ သဘောတူညီချက်ရှိပြီး နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ကို ဝင်ရောက်ခွင့်ကို တားဆီးခွင့် မရှိပါဘူး။
Ref:NHK
Photo:Getty Images
