မိခင်နိုင်ငံကိုပြန်ပြီး Green Card လျှောက်ရမယ်ဆိုတဲ့ ထရန့်အစိုးရရဲ့မူဝါဒသစ်ကြောင့် အမေရိကန်ရောက် မြန်မာတွေ အခက်တွေ့

မေ ၂၄ – ၂၀၂၆
SN (VOM)
အမေရိကန်နိုင်ငံအတွင်း ယာယီဗီဇာနဲ့ ရောက်ရှိနေပြီး အမြဲတမ်းနေထိုင်ခွင့်အတွက် Green Card လျှောက်မယ့် နိုင်ငံခြားသားတွေအနေနဲ့ မိခင်နိုင်ငံကိုပြန်ပြီး သက်ဆိုင်ရာသံရုံးကတဆင့် လျှောက်ထားရမယ်ဆိုတဲ့ မူဝါဒသစ်ကြောင့် အမေရိကန်ရောက် မြန်မာတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို (USCIS) က မနေ့ မေ ၂၂ က ကြေညာလိုက်တဲ့ လမ်းညွှန်ချက်အသစ်အရ ကျောင်းသားဗီဇာ (F-1)၊ အလုပ်ဗီဇာ (H-1B) အပါအဝင် ယာယီဗီဇာ (Temporary Visas) အမျိုးမျိုးနဲ့ အမေရိကန်ကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အမြဲတမ်းနေထိုင်ခွင့် (Permanent Residency/Green Card) လျှောက်ထားလိုပါက ၎င်းတို့ရဲ့ မိခင်နိုင်ငံတွေကို ပြန်သွားရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီလုပ်ထုံးလုပ်နည်းအသစ်ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် အပြောင်းလဲကြီးတခုဖြစ်ပြီး တာဝန်ရှိသူတွေရဲ့အဆိုအရ မူဝါဒသစ်ဟာ ဥပဒေရဲ့ ဟာကွက်တွေကို အသုံးချပြီး အမေရိကန်ပြည်တွင်းမှာ ဆက်လက်နေထိုင်ခွင့်အတွက် ဗီဇာအဆင့်အတန်း ပြောင်းလဲခြင်း (Adjustment of Status) ကို တားဆီးဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အမေရိကန်ရောက် မြန်မာနိုင်ငံသား တယောက်က “ဒါက ဒီက မြန်မာတွေအတွက် တကယ့်ကို အခက်အခဲကြီးတခုပါပဲ။ လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေကလည်း အားလုံး သိတဲ့အတိုင်းပဲ။ ဒါကြောင့် ပြန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အထူးသဖြင့် သူများနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူတွေအတွက်က ပိုလို့မဖြစ်နိုင်ဘူး။ အခု မြန်မာပြည်ရဲ့ အခြေအနေက လုံခြုံရေးပိုင်းအရ လုံးဝ စိတ်ချရတဲ့အခြေအနေမှာ မရှိဘူး။ နိုင်ငံရေးလည်း မတည်ငြိမ်ဘူး။ စစ်ရေးပဋိပက္ခတွေလည်း ရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်း အများကြီးရှိနေတာဆိုတော့ တကယ်လို့ ပြန်လာပြီးရင်၊ အဆင်ပြေပြေနဲ့ ပြည်ပ ပြန်ထွက်နိုင်ပါ့မလားဆိုတာ အာမခံချက်ရှိမနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။
အဲဒီလိုပဲ နောက်ထပ် မြန်မာနိုင်ငံသား တယောက်ကလည်း အမေရိကန် USCIS မှ ထုတ်ပြန်တဲ့ မူဝါဒအသစ်အရ အမိနိုင်ငံပြန်ပြီး Green Card လျှောက်ထားရမှာဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုမှ နိုင်ငံအများအပြားအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားခြင်း (Visa Pause/Ban) တွေ ပြုလုပ်ထားတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပထွက်ခွာပြီးနောက် အမေရိကန်သို့ တရားဝင် ပြန်လည်ဝင်ရောက်ခွင့် ရရှိဖို့ အလွန်ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။
နောက်ထပ် မြန်မာတယောက်ကလည်း “ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာကနေတဆင့် Green Card ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာတွေအတွက်တော့ ဒီဥပဒေသစ်က အတော်လေး အလှည့်အပြောင်းကြီး ဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် မိခင်နိုင်ငံကို ပြန်ပြီး သံရုံးမှာ ဗီဇာပြန်လျှောက်ဖို့ဆိုတာဟာ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေအရ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အတွက် “Extraordinary Circumstances” (အလွန်ထူးခြားဆန်းပြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေ) အဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်ရှေ့နေတွေကတဆင့် အခိုင်အမာ လျှောက်လဲချက်ပေးပြီး ပြည်တွင်းမှာတင် ဆက်လက်စောင့်ဆိုင်းခွင့်ရအောင် ကြိုးစားကြရမှာ ဖြစ်တယ်လို့ သူက အကြံပြုပါတယ်။
“အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် Green Card
လိုချင်ရင် မိခင်နိုင်ငံအရင်ပြန်ရမယ်၊ မိခင်နိုင်ငံက အမေရိကန်သံရုံးကနေပဲ Green Card လျှောက်ရမယ်၊ အဲဒီသံရုံးကနေ visa ပယ်ချခံရရင် လုံးဝ အမေရိကားကို ပြန်ဝင်လို့ရတော့မှာ မဟုတ်ပါ။ ဒါက အမေရိကန်ရောက် နိုင်ငံခြားသားတွေကို သွယ်ဝိုက်သောနည်းနဲ့ ချောင်ပိတ် နှင်ထုတ်လာတဲ့ Trump ရဲ့ မူဝါဒသစ်ပါ” လို့ ‌နောက်ထပ် မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
လက်ရှိ ထုတ်ပြန်လိုက်တဲ့ အမေရိကန် USCIS ရဲ့ လမ်းညွှန်ချက်အသစ်အရ “ထူးခြားတဲ့ အခြေအနေမျိုး” ကလွဲပြီး အမေရိကန်မြေပေါ်မှာ နေထိုင်ခွင့်အဆင့်ပြင်ဆင်ခြင်း (Adjustment of Status) လျှောက်ထားမှုကို အမေရိကန်နိုင်ငံအတွင်း ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ အသိပေးထားတာပါ။
ဒီမူဝါဒသစ်ကြောင့် လက်ရှိ အမေရိကန်ပြည်ထောင်စုအတွင်း Green Card စောင့်ဆိုင်းနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ တသန်းကျော်ထဲက အများစုဟာ ဗီဇာစိစစ်နေစဉ် ကာလအတွင်း အမေရိကန်မှ ထွက်ခွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေကို ကာကွယ်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ဒီမူဝါဒသစ်ကြောင့် လူကုန်ကူးခံရသူတွေ၊ စွန့်ပစ်ခံ ကလေးငယ်တွေလိုမျိုး ထိခိုက်လွယ်တဲ့ အုပ်စုတွေဟာ အမေရိကန်ပြင်ပသို့ ထွက်ခွာပြီးမှ ပြန်လည်လျှောက်ထားရမယ် ဆိုပါက ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး ထောက်ပြထားကြပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW