မေ ၂၄၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင်ဘက်မှာ KIA တပ်ဖွဲ့က မနေ့ မေလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဘုန်းကြီးကျောင်းအထိ လူသစ်စုဆောင်းလို့ သံဃာတော်တွေနဲ့ အခြေအတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လက်သီးနဲ့ထိုးတာ မဟုတ်ဘူး။ မအော်နဲ့ဆိုပြီး ပါးစပ်ကို အဝတ်နဲ့ ဆို့တယ်လို့ ကြားရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူဖို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကို လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“မနေ့ ညနေ ၅ နာရီလောက်က ဘုန်းကြီးကျောင်းဝင်းအတွင်း လူသစ်စုဆောင်ရေးဝင်ဆွဲသွားလို့ ရဟန်းသံဃာတွေနဲ့ အခြေအတင် ဖြစ်ပွားခဲ့တာ။ ရဟန်းတပါးကို ဆောင့်တွန်းခဲ့တဲ့အထိ ဖြစ်သွားတယ်လို့ သိရတယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
စစ်သားစုဆောင်းတဲ့ လူငယ်တွေက စကား အပြောအဆို ယုတ်ရင်းကြမ်းတမ်းပြီး လေးစားမှု မရှိတာေကြာင့် အဲဒီ လူငယ် တွေကို KIA အနေနဲ့ အရေးယူပေးဖို့၊ ဘာသာရေး အဆောက်အအုံတွေ၊ ဘုန်းကြီးကျောင်းပရဝုဏ်တွေအတွင်း ဝင်ရောက် လူသစ်စုဆောင်းခြင်း၊ အကြမ်းနည်းအသုံးပြုခြင်းတွေ မပြုလုပ်ဖို့ လူမှုကွန်ယက်ကေနတောင်းဆိုထားတာလည်းတွေ့ရတယ်လို့ ဆိုပါတယ်။
“လွန်တာ လူတိုင်းသိတယ်။ ဒါပေမယ့် ဘယ်သူမှ ထိရောက်အောင် အရေးမယူနိုင်ဘူး” လို့ နောက်ထပ်ဒေသခံ တယောက်ကလည်း ပြောပါတယ်။
အရှင်ပဏ္ဍိတ (ဆိုင်းတောင်) ကလည်း ဆိုင်းတောင် – မှော်ရှန်အတွင်းရှိ လူငယ်မောင်မယ်များ အထူးသဖြင့် အသက် ၃၀ အောက်ရှိ လူငယ်မောင်မယ်များ အောင်တော်မူစေတီကုန်းတော်ပေါ်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာစေတီတော် ၊ ကျီးမနိူးဘုရား၊ ဂြိုဟ်ရှစ်ခွင်ဘုရား နှင့် အောင်တော်မူစေတီသို့ မတက်၊ မသွားကြဖို့ လူမှုကွန်ယက်ကနေတဆင့် မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။
ဆိုင်းတောင် – မှော်ရှန်ဒေသဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်လုပ်ကိုင်နေတဲ့ ဒေသဖြစ်ပြီး အခုလို ဖြစ်စဉ်ဖြစ်လာတာဟာ နှစ်ဖက်လုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို လူထုယုံကြည်မှုလည်း ကျဆင်းလာစေနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဖားကန့် ဒေသမှာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ကာ လူသစ်စုဆောင်းမှု လေးကြိမ်အထိ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်၊ ဧပြီ ၂၃ ရက်နဲ့ မေ ၂၃ ရက် တို့မှာ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
Photo Crd#
