မေ ၂၆၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဘုရားပရဝုဏ်တခုအတွင်း မေလ ၂၆ ရက်နေ့က တပ်သား ထပ်မံစုဆောင်းခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပါသွားတဲ့ ကလေးတွေက အသက် ၂၀ ဝန်းကျင်၊ ၂၄၊ ၂၅ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ ကောင်လေး၊ ကောင်မလေး နှစ်ယောက်တတွဲ ပါသွားတယ်။ နောက်ပြီး ၁၂ တန်းကျောင်းသား တယောက်လည်း ပါသွားတယ်” လို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းရှိ ဘုရားပရဝုဏ်တခုမှာ မေ ၂၆ ရက် ဒီနေ့ ထပ်မံပြီး လူငယ်တွေကို တပ်သားအဖြစ် စုဆောင်းခေါ်ဆောင်သွားတာ ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။
ဒေသခံတွေအဆိုအရ ပါသွားသူတွေကို ပြန်လည်ထုတ်ယူနိုင်ဖို့ ငွေကြေး သိန်း ၄၀ ကနေ ၈၀ ခန့်အထိ ကုန်ကျတာတွေရှိပြီး စက်သုံးဆီဈေး မြင့်တက်နေတဲ့ အခြေအနေကြောင့် သွားလာရေးစရိတ်ပါ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
“အသက် ၃၀ အောက် လူငယ်တွေဆို ဒီလိုနေရာတွေကို မလာစေချင်ဘူး။ အရမ်းစိုးရိမ်ရတယ်။ ပါသွားပြီဆိုရင် ပြန်ရွေးထုတ်ရတာ၊ သွားလိုက်လာလိုက်နဲ့ လူလည်းပင်ပန်း၊ စိတ်လည်းပင်ပန်း၊ ငွေလည်း အရမ်းကုန်တယ်” လို့ သူက ထပ်မံပြောပြပါတယ်။
အဲဒီလိုဖြစ်စဉ်ဟာ အခုတခေါက်နဲ့ဆိုရင် အဲဒီဘုရားပေါ်မှာ ၅ ကြိမ်မြောက် ဖြစ်ပွားတာလို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ ပထမအကြိမ်၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဒုတိယအကြိမ်၊ ဧပြီ ၂၃ ရက်မှာ တတိယအကြိမ်၊ မေ ၂၃ ရက်မှာ စတုတ္ထအကြိမ်နဲ့ အခု မေ ၂၆ ရက်မှာ ငါးကြိမ်မြောက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ဘုန်းကြီးကျောင်းဝင်း တခုအတွင်း ဆေးသုတ် နေတဲ့ ဆေးသုတ် သမားတွေကို လာရောက် တပ်သားသစ် စုဆောင်းခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ရာက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ဘုန်းကြီးကျောင်းမှာ ဆေးသုတ်သမားတွေကို လာဆွဲတာ။ ဘုန်းကြီးက တားတော့ တွန်းလှဲပြီး ပါးစပ်မှာ အဝတ်ဆို့ထားခဲ့တာလို့ ကြားတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ကျူးလွန်ခဲ့တယ်ဆိုတာကို တပ်ဖွဲ့အချင်းချင်း စုံစမ်းနေပြီး တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားကန့် ဆိပ်မူဒေသမှာတော့ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပါတယ်။
Photo Crd# Google
