ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး ဓားသွားပေါ် ကနေရတဲ့ ပြဇာတ်

MT(VOM)
​မြန်မာနဲ့ တရုတ် ဆိုတာ “ပထဝီဝင်ရဲ့ထောင်ချောက်” ထဲမှာ အတူတူ ပိတ်မိနေကြတဲ့ အိမ်နီးနားချင်းတွေပါ။ “ပထဝီဝင်ဆိုတာ နိုင်ငံတွေရဲ့ ကံကြမ္မာပဲ” ဆိုသလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာလည်း မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေတဲ့ တရုတ်တံတိုင်းကြီးရဲ့ အရိပ်အောက်ကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးစ ခေတ်ကနေ ဒီနေ့အထိ တိုင်းပြည် အပြောင်းအလဲတွေ၊ အစိုးရအဆက်ဆက်ရဲ့ ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားခဲ့ကြတဲ့ ခရီးစဉ်တွေကို ပြန်ကြည့်ရင် ရိုးရိုးတန်းတန်း အလည်အပတ် ခရီးစဉ်တွေ မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး အကျိုးစီးပွားတွေ ပေါ်အခြေခံတဲ့ ခရီးစဉ်တွေ ဆိုတာ တွေ့ရပါလိမ့်မယ်။
​ဖော်ရွေသော နဂါး နဲ့ ဦးနု၊ ဗိုလ်နေဝင်းတို့ရဲ့ နယ်စပ်စာချုပ် ခရီးစဉ်များ
​မြန်မာပြည်ဟာ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကို ကမ္ဘာပေါ်မှာ ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ အရင်းရှင်မဟုတ်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီခေတ်က ဝန်ကြီးချုပ် ဦးနုဟာ ပထဝီနိုင်ငံရေး အမြော်အမြင် ကြီးမားသူပီပီ တရုတ်နဂါးကြီး နိုးထလာချိန်မှာ ရန်မဖြစ်ဘဲ မိတ်ဆွေဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဦးနု က
မြန်မာ့ဒစ်ပလိုမေစီဟာ အင်အားကြီးအိမ်နီးနားချင်းနိုင်ငံနဲ့ ဆက်ဆံရာမှာ “မဟာဗျူဟာမြောက် ဘက်မလိုက်ဝါဒ” (Strategic Neutralism) နဲ့ တရုတ်ရဲ့ အချုပ်အခြာအာဏာအပေါ် စိုးရိမ်စိတ်ကို မဆွမိအောင် ပါးပါးနပ်နပ် ကစား မှရမယ် ဆိုတာ ကောင်းကောင်းသိခဲ့ပါတယ်။
​ဦးနု ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး (၁၉၅၄-၁၉၅၆)
ဝန်ကြီးချုပ် ဦးနုဟာ ၁၉၅၄ ခုနှစ်မှာ တရုတ်ပြည်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း နဲ့အတူ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ကြီး ၅ ချက်” ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာ စစ်အေးတိုက်ပွဲကာလအတွင်း မြန်မာပြည်ရဲ့ ဘက်မလိုက်ဝါဒကို ပထဝီနိုင်ငံရေးအရ ကာကွယ်ဖို့ ပထမဆုံးချပြခဲ့တဲ့ ဗျူဟာပါပဲ။
​ဗိုလ်ချုပ်ကြီး နေဝင်းနှင့် သမိုင်းဝင် နယ်စပ်စာချုပ် (၁၉၆၀)
အိမ်စောင့်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဘေဂျင်း ကို သွားရောက်ပြီး “မြန်မာ-တရုတ် နယ်စပ်ရေးရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဦးနုအစိုးရလက်ထက် ၁၉၆၀ အောက်တိုဘာမှာတော့ တရုတ်-မြန်မာ နယ်စပ်စာချုပ်ကို အပြီးသတ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ မောင်အောင်မျိုး ရဲ့ “In the Name of Pauk-Phaw” ထဲမှာ ထောက်ပြထားသလို မြန်မာ့သံတမန်ရေးရဲ့ ထူးခြားချက်က တရုတ်နဲ့ နယ်စပ်အငြင်းပွားမှုတွေကို စစ်ရေးအရ မဟုတ်ဘဲ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် လိုက်လျောမှု (Accommodative Approach) အားဖြင့် ဒေသတွင်း တည်ငြိမ်ရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
​အဲဒီအချိန်က တရုတ်ပြည်ဟာ ကူမင်တန် (KMT) ဖြူတပ်တွေ မြန်မာ့မြေပေါ် ခိုအောင်းနေတာကို စိုးရိမ်နေသလို၊ မြန်မာကလည်း တရုတ်ကွန်မြူနစ်တပ်တွေ နယ်စပ်ကျော်ဝင်လာမှာကို ကြောက်နေရတဲ့ အချိန်ပါ။ မြန်မာခေါင်းဆောင်တွေရဲ့ ပါးနပ်မှုကတော့ နယ်စပ်ပြဿနာကို အေးအေးချမ်းချမ်း ဖြေရှင်းပြီး တရုတ်ရဲ့ ကျူးကျော်မှုအန္တရာယ်ကို ပထဝီနိုင်ငံရေးအရ ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
​ဆွေမျိုးပေါက်ဖော် မှသည် မျက်နှာနှစ်ဖက် သို့
(မဆလခေတ် / နဝတ-နအဖခေတ်)
​၁၉၆၂ ခုနှစ် လမ်းစဉ်ပါတီခေတ် အာဏာသိမ်းပြီးနောက်ပိုင်း နေဝင်း-ချူအင်လိုင်း ဆက်ဆံရေးဟာ “ဆွေမျိုးပေါက်ဖော်” (Pauk-Phaw) ဆိုတဲ့ စကားလုံးနဲ့ အထွတ်အထိပ် ရောက်ခဲ့ပါတယ်။
ဦးနေဝင်းဟာ တရုတ်ပြည်ကို အကြိမ်ကြိမ် သွားခဲ့တယ်။ ဒါပေမဲ့ ၁၉၆၇ တရုတ်-မြန်မာ အရေးအခင်းကြောင့် ဆက်ဆံရေး ခေတ္တပျက်ပြားခဲ့ရပါသေးတယ်။
​တရုတ်ရဲ့ ပထဝီဗျူဟာက သိပ်ကြောက်ဖို့ကောင်းပါတယ်။ တစ်ဖက်က နိုင်ငံတော်အစိုးရချင်း ချစ်ကြည်ရေး (State-to-state relations) လုပ်နေပေမယ့် နောက်ကွယ်ကနေ ပါတီချင်းဆက်ဆံရေး (Party-to-party relations) အရ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို စစ်ရေး၊ ရိက္ခာ အပြည့်အဝ ထောက်ပံ့ပြီး မြန်မာအစိုးရကို ဒူးထောက်အောင် လုပ်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ် ။
မန်းဖိုးအေး(ဝါးခယ်မ) တရုတ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း (ကျမ်းကျဲန့်ကျန်း၏ တနယ်တကျေးက သွေးခင်းလမ်း) စာအုပ်မှာ တရုတ်က ရှမ်းမြောက် ဗကပ လွတ်မြောက်နယ်မြေ တည်ထောင်ရေးမှာ လူအင်အား၊ဓနအင်အား၊လက်နက်အင်အား ဘယ်လိုကူညီခဲ့တယ်ဆိုတာကိူ အသေးစိတ်ရေးထားတာ ဖတ်ရပါလိမ့်မယ်။
​၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ/နအဖ ခေတ်မှာတော့ မြန်မာပြည်ဟာ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှု (Sanctions) တွေကို ခံရတဲ့အတွက် တရုတ်ကိုပဲ လုံးလုံးလျားလျား မှီခိုခဲ့ရပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်တွေဟာ မြန်မာပြည်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ အကာအကွယ်ပေးမယ့် “အစ်ကိုကြီး” တစ်ယောက် ရှာပုံတော်ဖွင့်တဲ့ ခရီးစဉ်တွေ ဖြစ်ခဲ့ရပါတယ်။
​ ဦးသိန်းစိန်ခေတ် တရုတ်-မြန်မာဆက်ဆံရေး (၂၀၁၁ – ၂၀၁၆)
​ဦးသိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ မြန်မာနိုင်ငံက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် လမ်းစရှာခဲ့ပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်းအပေါ်မှာပဲ အလုံးစုံမှီခိုနေရတာမျိုး မဖြစ်အောင် လျှော့ချဖို့ ကြိုးစားခဲ့တာပေါ့။ ဒီလိုနဲ့ တရုတ်-မြန်မာဆက်ဆံရေးက သံတမန်ရေးအရ အနည်းငယ် အေးစက်သွားသလို ရှိခဲ့ပေမဲ့ စီးပွားရေးအရ မဟာဗျူဟာမြောက်တဲ့ စီမံကိန်းကြီးတွေကိုတော့ ဆက်ပြီးလုပ်ဖြစ်ခဲ့ကြပါတယ်။
​၂၀၁၁ မေလထဲမှာ ဦးသိန်းစိန် တရုတ်ပြည်ကို သွားတုန်းက နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဆင့် (Comprehensive Strategic Cooperative Partnership)အထိ တိုးမြှင့်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
​တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကတော့ အရင်စစ်အစိုးရလက်ထက်ကတည်းက သဘောတူထားတာပါ။ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက် ၂၀၁၃ မှာ ဓာတ်ငွေ့ပိုက်လိုင်း၊ ၂၀၁၅ မှာ ရေနံပိုက်လိုင်းတို့ကို အောင်အောင်မြင်မြင်နဲ့ စတင်လည်ပတ်နိုင်ခဲ့ပါတယ်။
​၂၀၁၅ ဒီဇင်ဘာ (အစိုးရသက်တမ်း ကုန်ခါနီး) မှာ တရုတ်အစိုးရပိုင် CITIC အုပ်စုကို ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်သူအဖြစ် ရွေးချယ်ပြီး အခြေခံသဘောတူညီချက် ရယူခဲ့ပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံက CPI ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တာပါ။ ဒါပေမဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေ ပြန်ဖြစ်လာတာရယ်၊ မြန်မာတွေရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်တာရယ်ကြောင့် ပြည်သူတွေ၊ ပညာရှင်တွေနဲ့ မီဒီယာတွေက “ဧရာဝတီကို ကယ်တင်ကြပါ” (Save the Ayeyarwady) ဆိုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
ပြည်သူတွေရဲ့ ဆန့်ကျင်မှုက အရှိန် အရမ်းပြင်းလာတဲ့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လွှတ်တော်ကို သဝဏ်လွှာပို့ပြီး “မိမိတို့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ ပြည်သူ့ဆန္ဒအတိုင်း မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားမယ်” ဆိုပြီး ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဒါက တရုတ်အစိုးရအတွက်တော့ တော်တော်လေး အံ့အားသင့်စရာ ဖြစ်သွားခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခေတ် တရုတ်-မြန်မာဆက်ဆံရေး (၂၀၁၆ – ၂၀၂၁)
​NLD အစိုးရ စတက်ခါစတုန်းက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တော်တော်ကောင်းခဲ့ပေမဲ့ ၂၀၁၇ ရခိုင်ပြည်နယ်အရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဘက်ကို သံတမန်ရေးအရ ပြန်လှည့်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ “ပိုးလမ်းမစီမံကိန်း” (Belt and Road Initiative – BRI) ထဲမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
​တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC) နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ စက်တင်ဘာမှာ လက်မှတ်ထိုးခဲ့တာပါ။ ဒါက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မန္တလေး၊ အဲဒီကနေတစ်ဆင့် ရန်ကုန်နဲ့ ကျောက်ဖြူအထိ ချိတ်ဆက်မယ့် လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးဇုန် အကြီးစားစီမံကိန်းကြီး ဖြစ်ပါတယ်။
​ကျောက်ဖြူရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက် (Framework Agreement) ကို ၂၀၁၈ နိုဝင်ဘာမှာ လက်မှတ်ထိုးခဲ့ပါတယ်။ နိုင်ငံအနေနဲ့ အကြွေးနွံထဲ မနစ်စေချင်တဲ့အတွက် စီမံကိန်းပမာဏကို မူလဒေါ်လာ ၇ ဘီလီယံကျော်ကနေ ၁.၃ ဘီလီယံလောက်အထိ အများကြီးလျှော့ချပြီး ပြန်ချုပ်ဆိုခဲ့တာပါ။
​၂၀၂၀ ဇန်နဝါရီ လအတွင်း သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာခဲ့တုန်းက ကုန်းလမ်း၊ ရေလမ်း၊ ရထားလမ်းနဲ့ လျှပ်စစ်ကဏ္ဍတွေအပါအဝင် သဘောတူညီချက်နဲ့ MoU ပေါင်း ၃၃ ခု တောင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ (ဥပမာ- မူဆယ်-မန္တလေး ရထားလမ်း လေ့လာရေး၊ ရန်ကုန်မြို့သစ်စီမံကိန်း မူဘောင် သဘောတူညီချက် စတာတွေ ပါဝင်ပါတယ်)
​ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ တရုတ်ဘက်က မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဒါမှမဟုတ် စာချုပ်ဖျက်ရင် လျော်ကြေးငွေ အများကြီးပေးဖို့ ဖိအားပေးခဲ့ပါတယ်။ အစိုးရဘက်ကတော့ မြစ်ဆုံအပါအဝင် ရေအားလျှပ်စစ်စီမံကိန်းတွေကို ပြန်စိစစ်ဖို့ “စုံစမ်းစစ်ဆေးရေး ကော်မရှင်” ဖွဲ့ပြီး လေ့လာခဲ့ပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့ကျတော့ ခက်ခဲနေခဲ့ပါတယ်။
​ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေကို ဟောပြောတဲ့အခါ “ယခင်အစိုးရတွေ ချုပ်ခဲ့တဲ့ ကတိကဝတ်တွေကို နိုင်ငံတကာမျက်နှာစာမှာ ချက်ချင်းဖျက်ပစ်ဖို့ မလွယ်ကြောင်း၊ ပြည်သူလူထု လက်ခံနိုင်မယ့် နည်းလမ်းကို ရှာနေကြောင်း” ပဲ ပြောခဲ့ပါတယ်။ အဲဒါကြောင့် NLD အစိုးရဟာ မြစ်ဆုံစီမံကိန်းကို ပြန်လည်းမစသလို၊ လုံးဝဖျက်သိမ်းကြောင်းလည်း မကြေညာဘဲ တရုတ်နဲ့ တခြားစီးပွားရေးစီမံကိန်းအသစ်တွေ အစားထိုးဖို့ ညှိနှိုင်းရင်းနဲ့ပဲ ၂၀၂၁ အထိ မြစ်ဆုံကို ရပ်နားထားတဲ့ အနေအထားနဲ့ပဲ ထားရှိခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်များနှင့် ခေတ်သစ်ပထဝီနိုင်ငံရေး အလှည့်အပြောင်း
​ ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာပြည် နိုင်ငံရေး မုန်တိုင်းထန်နေချိန်မှာ တရုတ်ပြည်ဟာ မြန်မာ့အရေးကို စောင့်ကြည့်နေရာကနေ နယ်စပ်တည်ငြိမ်ရေးနဲ့ သူ့ရဲ့ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို ကာကွယ်ဖို့ ပိုမိုပါဝင်ပတ်သက်လာပါတယ်။
​ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကူမင်းမြို့ မဟာမဲခေါင်ဆပ်ဒေသ (GMS) ထိပ်သီးအစည်းအဝေး ခရီးစဉ်အပြီး ၊ ခုအခါမှာလည်း တရုတ်နိုင်ငံကို ထပ်မံသွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်တွေဟာ ယခင်ခေတ်တွေနဲ့ မတူဘဲ ပိုမိုရှုပ်ထွေးတဲ့ ပထဝီနိုင်ငံရေး အကျပ်အတည်းတွေကြားက သွားရတဲ့ ခရီးစဉ်တွေ ဖြစ်ပါတယ်။
​ လွတ်လပ်ရေးရပြီးစ ဦနုခေတ်ကနေ ဒီနေ့အထိ တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းကို ပြန်ချုပ်လိုက်ရင် တရုတ်ဟာ မြန်မာပြည်အပေါ် “ချစ်လို့လည်း မဟုတ်၊ မုန်းလို့လည်း မဟုတ်ဘဲ မိမိအမျိုးသားအကျိုးစီးပွား” တစ်ခုတည်းကိုပဲ အမြဲတမ်း ရှေးရှုခဲ့တာ တွေ့ရပါလိမ့်မယ်။ မောင်အောင်မျိုးရဲ့ “In the Name of Pauk-Phaw” စာအုပ်ပါသုံးသပ်ချက်အတိုင်း ဆိုရင် မြန်မာ့တရုတ်မူဝါဒဟာ တရုတ်ကို ရန်မမူသလို၊ တရုတ်ရဲ့ ရန်သူတွေကိုလည်း မြန်မာ့မြေပေါ်ကနေ ခြေကုပ်ယူခွင့်မပေးတဲ့ “မဟာဗျူဟာမြောက် ကာကွယ်မှု” ဖြစ်ပါတယ်။
​လာမယ့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အပေါ် ပထဝီနိုင်ငံရေး ရှုထောင့်ကနေ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရရင် အချက် (၃) ချက်ကို တွေ့ရမှာပါ။
အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှင့် မလက္ကာ အကျပ်အတည်း (Malacca Dilemma)
တရုတ်နိုင်ငံအတွက် မြန်မာပြည်ဟာ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ပေးမယ့် “မဟာဗျူဟာမြောက် နောက်ဖေးတံခါး” (Strategic Backdoor) ဖြစ်မြဲဖြစ်ပါတယ်။ အမေရိကန်နဲ့ အားပြိုင်မှု ပြင်းထန်နေချိန်မှာ မလက္ကာရေလက်ကြားသာ ပိတ်ဆို့ခံရရင် တရုတ်ရဲ့ ရေနံနဲ့ သယံဇာတ လမ်းကြောင်း သေသွားနိုင်တဲ့အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရေနံ/သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ တရုတ်အတွက် အသက်သွေးကြောပါ။ ဒီခရီးစဉ်ဟာ အဆိုပါ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ သေချာရေရာတဲ့ ကတိကဝတ်တွေ တောင်းခံမယ့် ပွဲဖြစ်နိုင်ပါတယ်။
နယ်စပ်တည်ငြိမ်ရေးနှင့် စီးပွားရေးအကျိုးစီးပွား
တရုတ်ဟာ မြန်မာပြည်တွင်း နိုင်ငံရေးမှာ ဘယ်သူ့ကိုမဆို ထောက်ခံတာထက် “တည်ငြိမ်မှု” (Stability) ကိုပဲ အဓိက လိုချင်တာပါ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့နေတာ၊ တရားမဝင် အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းတွေ ရှိနေတာဟာ တရုတ်ရဲ့ ပြည်တွင်းလုံခြုံရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေး ပြန်လည်ထိန်းသိမ်းဖို့နဲ့ ကုန်သွယ်မှု ပြန်ဖွင့်နိုင်ဖို့ ညှိနှိုင်းရမယ့် အကဲဆတ်တဲ့ အခင်းအကျင်း ဖြစ်ပါတယ်။
သံတမန်ရေးရာ တရားဝင်မှု (Legitimacy)
နိုင်ငံတကာရဲ့ ဖိအားတွေ ကြုံတွေ့နေရတဲ့ မြန်မာအစိုးရအတွက် အင်အားကြီး အိမ်နီးနားချင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရခြင်းဟာ သံတမန်ရေးအရ ကြီးမားတဲ့ ထောက်ခံမှုနဲ့ တရားဝင်မှုကို ရရှိစေပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ဟာ မြန်မာ့အရေးမှာ အနောက်အုပ်စု ဝင်ရောက်စွက်ဖက်လာမှာကို အသေအလဲ ကြောက်တဲ့အတွက် မြန်မာအစိုးရကို လုံးဝပြိုလဲမသွားအောင် ထိန်းညှိပေးနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ကမ္ဘာတည်သရွေ့ တရုတ်နဲ့ ဘေးချင်းကပ် နေထိုင်သွားကြရမှာ ဖြစ်သလို၊ တရုတ်ကလည်း မြန်မာကို ပထဝီဝင်အရ ဖယ်ထုတ်လို့ မရပါဘူး။ ခေတ်အဆက်ဆက် မြန်မာခေါင်းဆောင်တွေလိုပဲ အခု သမ္မတဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာလည်း နဂါးကြီးရဲ့ အမြီးကိုလည်း မနင်းမိစေဘဲ၊ မိမိတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကိုလည်း မဆုံးရှုံးစေဘဲ ပါးနပ်လိမ္မာစွာနဲ့ ဓားသွားပေါ်က နေရတဲ့ ပြဇာတ်ကို ဆက်ကကြရဦးမယ့် သံတမန်ရေးရာ လွန်ဆွဲပွဲတစ်ခု ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
MT(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW