ဇူလိုင် ၁၈၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဆဒုံး–ကံပိုင်တည် ကုန်သွယ်ရေးလမ်းမပေါ်မှာ မြေပြိုမှုကြောင့် လမ်းပိတ်မိနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေကို KIA တပ်ဖွဲ့ဝင်တွေက “ဧည့်စာရင်း” အတွက်ဆိုပြီး ယာဉ်တစီးကို တရက် ကျပ် ၁၂,၀၀၀ နှုန်း ကောက်ခံနေတဲ့အတွက် ကားသမားတွေ အခက်အခဲ ပိုကြုံနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
လက်ရှိမှာ ဆဒုံးလမ်းပိုင်းနဲ့ ကံပိုင်တည်ဘက်မှာ မြေပြိုမှုတွေကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ် အများအပြား ပိတ်မိနေပြီး၊ လမ်းမပွင့်သေးတဲ့အတွက် ကုန်ပို့ဆောင်ရေးလုပ်ငန်းတွေလည်း ရပ်နားထားရတယ်လို့ ဆိုပါတယ်။
လမ်းပိတ်နေတဲ့ ကာလအတွင်း ဝင်ငွေမရှိဘဲ စားစရိတ်၊ နေစရိတ်တွေ ကုန်ကျနေရတဲ့အပြင် KIA ဘက်က နေ့စဉ် ငွေကောက်ခံနေတာကြောင့် ပိုပြီး ဒုက္ခရောက်နေရတယ်လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
“လမ်းက မပွင့်သေးဘူး။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက်မှ ပွင့်မယ်လို့ ထင်တာပဲ။ တောင်ပြိုလို့ လမ်းပိတ်ပါတယ်ဆိုမှ၊ ကားသမားတွေ ဒုက္ခရောက်ပါတယ်၊ စရိတ်တွေ ပြတ်ပါတယ်ဆိုမှ KIA က ကုန်ကားတစီးကို တရက်ကို ကျပ် ၁၂,၀၀၀ ဧည့်စာရင်းကောက်တယ်။ ဒုက္ခရောက်နေတဲ့ ကားဆရာတွေကို သက်သက်မဲ့ ညှင်းပန်းနှိပ်စက်နေသလိုပဲ။” လို့ သူက ပြောပါတယ်။
မြေပြိုတာကြောင့် လမ်းတလျှောက် ခရီးသည်ကားတွေရော ကုန်တင်ကားတွေရော အများကြီး ပိတ်မိနေတာလို့ သူက ပြောပါတယ်။
နောက်ထပ် ယာဉ်မောင်းတယောက်ကလည်း KIA တပ်ဖွဲ့ဝင်တွေက လမ်းပိတ်မိနေတဲ့ ယာဉ်တွေကို ဧည့်စာရင်းအတွက်ဆိုပြီး ညစဉ် ငွေကောက်ခံနေတယ်လို့ အခုလို ပြောပါတယ်။
“ကံပိုင်တည်လမ်းပေါ် မြေပြိုလို့ ပိတ်မိနေတဲ့ ခရီးသွားယာဉ်မောင်းတွေဆီ KIA တပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းအတွက်ဆိုပြီး တညကို တစ်သောင်းကျော် ကောက်တယ်။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနား–ဆဒုံး–ကံပိုင်တည် လမ်းမကြီးပေါ်က ဆဒုံးရေတံခွန်တံတားအနီး၊ အင်ဝမ်ကောင်၊ ဆနာ၊ ဒိန်ဂီ အပါအဝင် နေရာ ၁၀ ကျော်မှာ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လမ်းပိတ်သွားခဲ့ပါတယ်။ အဲဒီမြေပြိုမှုအတွင်း ပါဂျေရိုတစီးနဲ့ အာရာဖတ်ကားတစီး မြေပိမိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီမတိုင်ခင် ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း ဆဒုံးလမ်းပိုင်းနဲ့ ကံပိုင်တည်–ဘာတွန်ကြား လမ်းပိုင်းတွေမှာ နှစ်ရက်ဆက်တိုက် မြေပြို၊ လမ်းပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်တွေ အများအပြား ပိတ်မိခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ လမ်းချဲ့လုပ်ငန်းတွေနဲ့ ကျောက်ထုတ်လုပ်ငန်းတွေကြောင့် မြေသားမတည်ငြိမ်ဘဲ မိုးအဆက်မပြတ်ရွာသွန်းတဲ့အခါ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာလို့ သိရပါတယ်။
လက်ရှိမှာတော့ မြေပြိုတဲ့နေရာတွေကို စက်ယန္တရားတွေနဲ့ ရှင်းလင်းနေပြီး လမ်းပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်ပေမယ့် မိုးဆက်လက်ရွာသွန်းနေသေးတာကြောင့် မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
