အခန်း (၂၀၂)

 

ဆူးငှက်

ငွေငန်းက အစ်ကိုကြီး
—————————

 

 

မုံရွာက ကျွန်တော်တို့ ဆွေမျိုးဖြစ်သည့် ဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းတို့အကြောင်း အရင်က ကျွန်တော် ရေးဖူးခဲ့ ပါသည်။ သူတို့က ငွေငန်းဆေးဆိုးပန်းရိုက်နှင့် ယက်ကန်းရုံပိုင်ရှင် ဖြစ်သည်။ သားသမီး ၇ဦးရှိရာ အကြီးဆုံးကိုမြင့်ဆွေက ကျွန်တော်တို့ ဆွေမျိုးများထဲတွင် ကနဦးဆုံး တက္ကသိုလ်ဘွဲ့ဖြစ်သည်။ သူ တက္ကသိုလ်ကျောင်းသား ဖြစ်မှ ကျွန်တော်က မြင်ဖူးသည်။ သူက မန္တလေးတက္ကသိုလ်တွင် ၁၉၆၃ခုနှစ်မှ ၁၉၆၇ခုနှစ် အောက်တိုဘာအထိ အောင်မင်္ဂလာဆောင် အခန်း ၁၁၁ တွင် အဆောင်နေ ရူပဗေဒ ကျောင်းသား။ ကျွန်တော်က ဒက္ခိဏဝံ ဦးပဏ္ဏဝံကျောင်းက မူလတန်းကျောင်းသား မျှသာ။

 

 

စနေတနင်္ဂနွေနေ့လိုမျိုး ကျောင်းပိတ်ရက်တွင် ကိုမြင့်ဆွေက စိုင်ပြွန်ဝင်းထဲရှိ အဒေါ်ဖြစ်သူ ဒေါ်ဒေါ်အုန်းရင်နှင့် ဦးကြီးချိုတို့ထံ လာလည်သည်။ ဝင်းထဲမှာလည်း ဆွေမျိုးများ ဖြစ်သည့် ကိုညိုတို့၊ ကိုကိုစိန်လှိုင်တို့၊ ကိုကိုထွန်းရွှေတို့ နှင့်လည်း ကိုကိုစိန်လှိုင့်အိမ်ရှေ့ ခြေနင်းချုပ်သည့် ခုတင်မှာ ကိုမြင့်ဆွေက တမေ့တမောထိုင်ကာ စကားပြောသည်။ ထိုစဉ်က ကိုညိုသည် မန္တလေးဆေးတက္ကသိုလ်တွင် တက်ရောက်နေပါပြီ။ အိမ်နာမည်မှာ ကိုညိုပေမယ့် သူကို ဒေါက်တာ မင်းလွင်ဦးဟု ဆရာဝန်အသိုင်းအဝန်းက သိကြသည်။ ကုန်ကုန်ပြောရလျှင် ထိုစဉ်က သဖန်းရွာပေါက် အမျိုးအဆွေထဲတွင် တက္ကသိုလ်ရောက်သူက ကိုညိုနှင့် ကိုမြင့်ဆွေပဲရှိသည်။

 

 

စမတ်ကျ၊ အပြောအဆို ညက်ညောညင်သာ
————————————————
ကိုမြင့်ဆွေက အတော်ချောသည်။ ထို့ပြင် အဝတ်အစား အနေအထိုင်ကလည်း စမတ်ကျသည်။ ဒါမျှမက အပြောအဆိုကလည်း ညက်ညောညင်သာလှ၏။ သဘောကလည်း ကောင်းဆိုတော့ သူက လူချစ်လူခင်များသည်။ သူ တက္ကသိုလ်ကျောင်းသား ဘဝ စိုင်ပြွန်ဝင်းထဲ အလည်လာလျှင် စပို့ရှပ်နှင့် ဘောင်းဘီရှည်နှင့် ရှူးဖိနပ်နှင့် ဘိုကေကိုလည်း ပိနေအောင်ဖြီးကာ စမတ်ကျလှသည်။ သူက ကိုကိုစိန်လှိုင်တို့ ခုတင်တွင် ကိုညိုနှင့် ရယ်စရာတွေပြောလိုက် တစ်ခါတရံ အင်္ဂလိပ်လိုပြောလိုက်နှင့် အခါတိုင်း ထိုခုတင်တွင် လူစုံလျှင် ကျွန်တော်က ကလေးတန်မဲ့ သွားမော့တတ်သည်။ သို့သော် ကိုမြင့်ဆွေ ရောက်လာလျှင် သူ့အရှိန်အဝါကြောင့် ကျွန်တော်မသွားရဲတော့ဘဲ ကျွန်တော်တို့ အိမ်ရှေ့ အဖီကပဲ ထရံကွက်ကြားက ချောင်းကြည့်ရ၏။

 

ကိုမြင့်ဆွေက ထိုသို့အလည်လာလျှင် အိမ်ပေါက်စေ့လည်း နှုတ်ဆက်တတ်ရာ အဘတို့ အမေတို့နှင့် အိမ်မှာရှိသည့် အစ်မများကို နှုတ်ဆက်သည်။ အဘနှင့် အမေကို ဦးကြီး ဒေါ်ကြီးဟု ခေါ်ပြီး သူက အမလတ် မမခင်မြနှင့် ရွယ်တူမို့ အကြီးကို မမခင်လှ၊ ရွယ်တူကို ခင်မြရေ၊ အငယ်ကို ဟေံ ခင်ဝင်းဟု ခေါ်သည်။ ကျွန်တော်က သူအိမ်ဖက် ကူးလာလျှင်ပင် လူတောမတိုးသူမို့ စိုးရွံ့ပြီး အခန်းထဲဝင်ကာ ပုန်းနေတတ်၏။ မှတ်မှတ်ရရ တစ်ခါသား သူလာစဉ် ကျွန်တော်ကလည်း စာကျက်လက်စမို့ မရှောင်သာဘဲ တွေ့သွားသော အခါ “မင်းက ဘယ်နှတန်းလဲ ကွ” ဟု မေးပြီး ခေါင်းကိုပွတ်၍ ကျွန်တော့်လက်ထဲက စာအုပ်ကိုယူကြည့်ဖူးသည်။ ကျွန်တော် လေးတန်း ကျောင်းသား ဖြစ်မည်။ ဒါပါပဲ ကိုမြင့်ဆွေနှင့် ကျွန်တော် ဆုံဖူးတာ၊ ဒါပဲဖြစ်သည်။

 

နောက် သူကျောင်းပြီးသွားတာ၊ ဂျာမန် ဒီပလိုမာတက်တာ၊ စာပြနေတာ၊ မှော်ဘီရောက်သွားပြီး သင်တန်းထပ် တက်တာ၊ မန္တလေး ခ.လ.ရ ၉၅ ရောက်တာ၊ ရာထူး တက်တာ၊ သထုံရောက်တာ၊ ကလောရောက်တာ၊ သံဖြူဇရပ် ရောက်တာ၊ မိကျောင်းရဲ ရောက်တာ စသည်ဖြင့် ကြားနေရသည်။ ထိုမျှသာမက ဝတ္ထုတိုတွေလည်း မဂ္ဂဇင်းတွေထဲ ရေးနေပြီတဲ့။ လုံးချင်း ဝတ္ထုရှည်လည်း ထွက်ပြီးပြီတဲ့။ ဤသို့ ကြားနေရသော်လည်း ကိုမြင့်ဆွေကို ကျွန်တော် ၄တန်းတုန်းက တွေ့ဖူးပြီး နောက်ထပ် မတွေ့ဖူး တော့ပေ။ သူ့အမေ ဒေါ်ဒေါ်သန်းက မန္တလေးလာတိုင်း အဘကို လာကန်တော့လို့၊ ဆောင်းတွင်းရောက်တိုင်း ဆွေမျိုးများ အားလုံးကို ငွေငန်းယက်ကန်းရုံထွက် စောင်တွေ လက်ဆောင် ပေးလို့ တွေ့ရသောကြောင့် အဘတို့ကို ပြောပြနေသည့် ကိုမြင့်ဆွေ သတင်းကို ကျွန်တော် ကြားသိရခြင်း ဖြစ်သည်။ လူချင်းမတွေ့ဖြစ်တော့တာ ၁၉၇၀မတိုင်မီကတည်းက ဖြစ်မည်။ ဤသို့ဖြင့် ၁၉၈၃တွင် ကျွန်တော်တို့လည်း ဒေါင်းရိုး စိုင်ပြွန် ရိပ်သာ ဝင်းထဲကနေ ဟေမာဇလရောက်၊ ကျွန်တော်လည်း အိမ်ထောင်နှင့် ဖြစ်ကာ စာအုပ် အငှားဆိုင်ဖွင့်ပြီး စာလေး ဘာလေး မတောက်တခေါက် ရေးသားစ ကာလ ဖြစ်သည်။ ၁၉၈၈ ခုနှစ်လောက်ကပေါ့။ သြဂုတ် ၈ ရက်မရောက်မီ လပိုင်းအလိုလောက်ကပေါ့။

 

 

မထင်မှတ်ဘဲ အိမ်အလည်ရောက်လာသူ
——————————————-
ထိုနေ့ မနက် ၁၀နာရီ ကျော်ကျော် လောက်မှာ အဘက ထမင်းစားဖို့ ပြင်ဆင်နေစဉ် အိမ်ရှေ့က ဦးကြီး ဦးကြီး ဟူသော အသံကြားရလို့ အဘက ထမင်းပွဲ ပြင်လက်စကို ခဏထားပြီး အပြင်ထွက်ကြည့်သည်။ အမေကလည်း အိပ်ရာထဲ လှဲနေပြီး ကျွန်တော်က စာအုပ်ဖုံးတွေ ချုပ်နေကာ ခင်သော်ဇင်ကလည်း ဈေးသွားနေ၏။ ကလေးတွေက ကျောင်းမှာ။ အသံကြားလို့ အဘက ထွက်ကြည့်ပြီး အံ့အားသင့်သွားသည်။ “ဟာ.. မောင်မြင့်ဆွေ၊ မင်းဘယ်ကလှည့်လာတာလဲကွ၊ မတွေ့ရတာ ကြာပြီကွာ၊ တစ်ယောက်ထဲလား၊ လာထိုင်ဦးကွ” ဟု ခေါ်သည်။ သူကလည်း ဦးကြီးတို့ နေကောင်းကြလား၊ ဒေါ်ကြီးရောဟုမေးလို့ အဘက “ချောရင်ရေ၊ ဟောဒီမှာ မောင်မြင့်ဆွေ လာတယ်၊ ထွက်ခဲ့ဦးဟု” ပြောလို့ အမေလည်း အခန်းထဲက ထွက်လာပြီး အားရဝမ်းသာ နှုတ်ဆက်သည်။ ကိုမြင့်ဆွေက ဘာမှ မပြောင်းလဲ၊ ကျွန်တော်တွေ့ဖူးသည့် တက္ကသိုလ် ကျောင်းသား ကိုမြင့်ဆွေနှင့် မခြားနား။ ဘောင်းဘီရှည်နှင့် ရှူးနှင့် စပို့ရှပ်နှင့် စမတ်ကျလှသည်။ ကိုယ်ခန္ဓာကတော့ ပိုမိုကြံ့ခိုင်သွားတာပေါ။

 

သူက မန္တလေးရောက်ခိုက် မိတ်ဆွေတစ်ဦး ဆိုင်ကယ်ကို အလွမ်းပြေ ယူစီးရာ ကျုံးဘေး သိင်္ဂီရွှေရည်တိုက်အနီးတွင် ဆိုင်ကယ် ပျက်သွားသောကြောင့် လမ်းထောင့်က ကိုစန်းမြင့်၏ ဆိုင်ကယ်ပြင်ဆိုင်တွင် ဝင်ပြင်ရင်း စကားစပ်မိသတဲ့။ သည်တင် ဆိုင်ကယ်ပြင်ဆိုင်၏ တဖက် လမ်းထောင့် ၂ကွက်ငုတ် မှာပဲ ဦးကြီးတို့အိမ်ရှိတာသိလို့ ဝမ်းသာသွားကာ ဝင်လာသည်ဟု ဆိုသည်။ အဘက “ကဲ ကြုံခဲလှတယ်၊ တခါတည်း ထမင်းဝင်စားသွား၊ ဟင်းတော့ မကောင်းဘူးကွ၊ ပဲကြီးဟင်း၊ ခရမ်းသီးခြောက်ချက်၊မန်ကျည်းသီးထောင်း၊ ပုဇွန်ခြောက် ငါးပိကြော်၊ ခွေးထောက်ရွက် ဟင်းချို” ဟု ဆိုတော့ ကိုမြင့်ဆွေက “ဟာ.. ဦးကြီးရာ၊ ဒီလိုဟင်းမစားရတာကြာပြီဗျ၊ ကျေးဇူးပဲ ကျွန်တော်စားမယ်” ဟု ဆိုပြီး စာပွဲဝင်ထိုင်သည်။ အဘက ကျွန်တော့်ကို မောင်မြင့်ဆွေ အဖော်ရအောင် မင်းလည်း ဝင်စားလိုက်ဟု ဆိုလို့ ကျွန်တော်လည်း လက်ဆေးပြီး ဝင်စားလိုက်သည်။ အမေကတော့ မစားသေးလို့ ကျွန်တော်တို့ ၃ယောက်ပေါ့။ အဘက ထုံးစံအတိုင်း တို့ကာပင့်ကာပဲစားလို့ ခဏနှင့် ပြီးသည်။ ကိုမြင့်ဆွေက ဟင်းကို အတောကျပုံ ရသည်။ သူက ဇွန်းနှင့်ပဲစားကာ စိမ်ပြေနပြေ အရသာခံစားသည်။ ထမင်းစားရင်း ကျွန်တော်က စာပေလုပ်သား မဂ္ဂဇင်းထဲက သူ့ဝတ္ထုအကြောင်းပြောတော့ သူက အံ့အားသင့်သွားသည်။

 

သူ့ဝတ္ထုအကြောင်း သူ့စာတွေအကြောင်း
——————————————
ထို့ပြင် ကျွန်တော်က လက်ရှိထွက်နေသည့် မဂ္ဂဇင်းများနှင့် စာရေးဆရာတွေ အကြောင်းပါ စကား စပ်မိတော့ သူက ဝမ်းသာသွားကာ မင်းက အငှားဆိုင်မို့ အလုပ်သဘောပဲ စာတွေ ဖတ်တာ ထင်နေတာ တော်တော် ထဲထဲဝင်ဝင် သိတာပဲ ဟု ဆိုမှ ကျွန်တော်လည်း စာတွေရေးကြောင်း မန္တလေးက စာရေးဖော်များအကြောင်း ပြောတော့ သူက စားလက်စထမင်းပင် ဇွန်းကို ကိုင်လျက် ရပ်ကာ အံံသြသွားတော့၏။ ထို့ပြင် ကျွန်တော်ကလည်း ချိုလေး တမြမြကာလမို့ စာပေလုပ်သားထဲက သူ့ဝတ္ထုကိုပင် ဝေဖန်လိုက်သေး၏။ သူက အတော်သဘောကျသွားကာ နောက်တကြိမ် မန္တလေး လာလျှင် ကျွန်တော်နှင့် အေးအေးဆေးဆေး စကားပြောမည်ဟု ချိန်း၍ အဘတို့ကိုလည်း ကန်တော့ကာ ပြင်ထားသည့်ဆိုင်ကယ်စီးပြီး ပြန်သွားသည်။ ထိုကတည်းက ကိုမြင့်ဆွေသည် မန္တလေးရောက်တိုင်း ကျွန်တော့်ကို ဝင်ခေါ်ကာ သူတည်းသည့် သိပ္ပံလမ်းက ဟော်တယ်မှာ ဖြစ်စေ၊ အေးအေး ဆေးဆေး ရှိသည့် ကော်ဖီဆိုင်မှာ ဖြစ်စေ ဆုံကြပြီး စကားတွေ ပြောကြသည်။

ထို့နောက် သူက မန္တလေးသို့ အလုပ်တာဝန်အရပင် မဟုတ်ဘဲ သူရေးလက်စ ဝတ္ထုရှည်အတွက် လက်ရေးကော်ပီများယူလာပြီး ကျွန်တော့ကို ဖတ်ကာ ဝေဖန်စေသည်။ ဇာတ်ကိုဖြစ်စေ ဇာတ်သိမ်းကိုဖြစ်စေ မည်သို့ မည်ပုံ ဖြစ်သင့်ကြောင်း ပြောစေသည်။ ကျွန်တော်က အားနာပြီး “အစ်ကိုလည်း နီမင်းဆွေ ဖြစ်နေပါပြီဗျာ၊ လုံးချင်းတွေလည်း ထွက်နေပြီပဲ၊ ကျွန်တော် ဉာဏ်မမီပါဘူး၊ ကောင်းသားပဲဗျ” ဟု ဆိုလျှင် သူက မကြိုက်၊ “ဟေ့ကောင်၊ ငါက မင်းလောက်မသိဘူးကွ၊ ရေးချင်လို့ရေးနေတာ၊ ဖတ်ပြီး ပြောမယ့်သူလည်းမရှိဘူး၊ သူတို့က ကိုယ့်ဆရာက ဖတ်ခိုင်းလို့သာ ဖတ်ကြတာ ပြန်လည်း ပြောရဲကြတာ မဟုတ်ဘူး၊ မင်းက ငါ့ကို ပြောရမယ့်သူလေ၊ မပြောလို့မဖြစ်ဘူး၊ ဘာမှ အားနာစရာမလိုဘူး၊ ပြောသာပြောကွာ” ဟု တိုက်တွန်းသည်။ ထို့ကြောင့် ကျွန်တော်ကလည်း အားမနာတမ်း ပြောတော့ သူက သဘောကျသည်။

 

 

ကားလက်မှတ်နှင့် စာတစ်စောင်
————————————–
ဤသို့ဖြင့် သူတာဝန်ကျနေသော မိကျောင်းရဲကနေ လူကြုံနှင့် ကားကြုံနှင့် သူ့စာမူတွေ အထပ်လိုက် ရောက်လာတိုင်း ကျွန်တော်ကဖတ်၊ ထင်မြင်ချက်ရေး ပြင် ဝေဖန်ကာ ပြန်ပို့ပေးရသည်။ သည်တော့မှ သူက စာအုပ်ထုတ်သည်။ ၁၉၈၉ ဒီဇင်ဘာ လလယ်လောက်ရောက်တော့ မထင်မှတ်ဘဲ သူ့လူကြုံနှင့် စာတစ်စောင် ရောက်လာ၏။ စာနှင့်အတူ ကားလက်မှတ်လည်းပါလာသည်။ စာအလိုအရ သူလက်ရှိရေးနေသော ဝတ္ထုရှည်အတွက် မိကျောင်းရဲသို့ လိုက်လာပြီး ရေးပြီးသမျှကို ဖတ်ပေးဖို့၊ ကျွန်တော်ဖတ်ပြီးမှ လိုတာပြင်ပြီး လက်နှိပ်စက်ရိုက်ကာ ရန်ကုန်က စာအုပ်တိုက်ကို အမြန်ပို့ရမှာတဲ့။ ထို့ကြောင့် ယခုကားလက်မှတ်နှင့်အတူ သုံးဖို့ စားရိတ်ပိုက်ဆံကို ယူထားပြီး လက်မှတ်ဖြတ်ထားသည့်ရက်တွင် မကွေးအထိ လိုက်လာဖို့ ဖြစ်သည်။ မကွေး ကားဂိတ် မှာ မိကျောင်းရဲကနေ သူကိုယ်တိုင် ကားမောင်းပြီး လာကြိုမယ်တဲ့။ မတတ်နိုင်၊ သူ့လူကြုံကို အကျိုးအကြောင်း သာမက စာပါရေးပြီး ငြင်းလိုက်ရ၏။

 

အကြောင်းမှာ သူ့စာရချိန်တွင် အဘဆုံးတာ ရက်ပင် မလည်ရသေးပေ။ သည်တော့ သူ့အစီအစဉ်အတိုင်း မလိုက်နိုင်သည့် အကြောင်း မှာလည်းမှာ စာလည်း ရေးပေးလိုက်ရ တော့၏။ မကြာပါ သူ့ထံက “ဦးကြီး (အဘ) ဆုံးတာ မသိလိုက်ပုံ၊ ထို့ကြောင့် ကျွန်တော့်ကို လှမ်းခေါ် မိပုံ၊သည့်အတွက် ဒေါ်ကြီးကိုရော၊ ကျွန်တော့်ကိုရော၊ ခင်သော်ဇင့်ကိုပါ တောင်းပန်ပါကြောင်းနှင့် သူခေါ်သည့် ကိစ္စ မေ့ထားလိုက်ပါ၊ စိတ်ထဲမှာ ဘာမှ မထားပါနှင့် ဆိုသည်များကို ကျကျနနစာရေးပြီး ဦးကြီးအတွက် ကုသိုလ်ပြုပါ ဟု ဆိုပြီး ကူငွေများပင် လှမ်းပို့ပေးသည်။ သည်လိုနှင့် သူလာတိုင်း ကျွန်တော့်ဆီပဲ ဦးတည်သည်။ စကားပြောသည်။ ကျွန်တော့်ကို မုန့်ဖိုးတွေ ပေးသည်။ နောက်တော့ အရှေ့မြောက်ဒေသက သူနှင့်လည်း ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ ကိုအောင်မင်း (ကိုမောင်မောင်မြင့်) ပြန်ရောက်လာတော့ သူလာတိုင်း ကျွန်တော်တို့ ၃ယောက်က ဆုံကြ စားကြ သောက်ကြ ပြောကြ ဆိုကြတာ မဝနိုင်ခဲ့။ တစ်ခါကများ ကျွန်တော်တို့ ၃ယောက်သား ကိုမောင်မောင်မြင့် ကားနှင့် မင်းကွန်းဖက်သွားကြသည်။ မင်းကွန်းအဝင်စ လမ်းဘေးက ဘုန်းကြီး ကျောင်းဝင်းထဲတွင် မဏ္ဍပ်ထိုးပြီး ဘုန်းကြီးပျံက ဧယဉ်ကျူးနေသည်။ ထိုစဉ် သူက “လာကွာ ဒါမျိုးမကြည့်ရတာ ကြာပြီ၊ ဆင်းကြည့်ရအောင်” ဟုဆိုပြီး မဏ္ဍပ်ထဲဝင်၍ ဖိနပ်ဖင်ခုထိုင်ပြီး ဧယဉ်ကျူးကြည့်ကြသည်။ ဒါတောင် ထမင်းကျွေးရုံက ပိတ်သွားလို့၊ နို့မို့ဆို ကျွေးရုံထဲဝင်ထိုင်ပြီး ဘုန်းကြီးပျံက ကျွေးမည့် စတုဒီသာ ထမင်းကို စားကြဦးမည်။ ဝက်သားပြွန်း၊ ပဲတီချဉ်နှင့် ငရုပ်သီးကြော်ဖြစ်မှာပေါ့။ မြိန်လိုက်မယ့် ဖြစ်ခြင်း။

 

နောက် သူကလည်း စာရေးအားကောင်းလှသည်။ လုံးချင်းတွေသာမက ဂျာနယ်တွေထဲမှာလည်း ပင်တိုင် ဆောင်းပါးတွေ ရေးသည်။ ငယ်စဉ်ကတည်းက ရုပ်ရှင်ကြိုက်လှသူ အင်္ဂလိပ်ဝတ္ထု အဖတ်နာသူမို့ နိုင်ငံခြားရုပ်ရှင် များကို မူရင်း စာအုပ်များနှင့် ယှဉ်ပြီး ခံစားမှု သုံးသပ်မှု ဆောင်းပါးတွေနှင့် စာမျက်နှာ အတော်များများမှာ နီမင်းဆွေ ကလောင်က လက်သွက်နေသည်။ သူလည်း ဝန်ကြီးဌာနတစ်ခု၏ ရုံးချုပ်တွင် တာဝန်ဖြင့် သူ့ဇနီးဇာတိ ရန်ကုန်မှာပဲ အခြေချ တော့သည်။ သည်တော့ ဆက်သွယ်ရေးတွင် ပိုမိုလွယ်ကူသွားပြီး ကျွန်တော်နှင့်က အမြဲ စကားပြောဖြစ်ကာ သူ့ဆောင်းပါးမှန်သမျှ ဂျာနယ်တိုက်မပို့မီ အမြဲဖတ်ရသည်။ တစ်ခုခု ဝေဖန်ပြောဆိုရသည်။ အားလုံးကောင်းပါသည်ခင်ဗျား လုပ်လို့မရ။
ထိုသို့သော ရင်းနှီးမှုအရ ကျွန်တော်က အခုငှားထားသည့် ရဲသိပ္ပံတိုက်ခန်း နှစ်စေ့လျှင် ဆက်မငှားတော့ဘဲ ဖျာတစ်ချပ်စာပဲ ရပါစေ ကိုယ်ပိုင်မြေလေးတွင် တဲထိုးပဲနေချင်ပါသည်ဟု ကိုအောင်မင်း (ကိုမောင်မောင်မြင့်) ကို ရင်ဖွင့်မိသောအခါ ကိုအောင်မင်းက အခုနေ မြေဈေးတွေကရော ဘယ်လောက်ဖြစ်နေပြီလဲ” ဆိုတော့ မြို့သစ်ဘက် နဲ့ မြို့ထဲဆင်ခြေဖုံးမှာ ရှာမယ်ဖွေမယ်ဆို ၁၀သိန်းလောက်နဲ့ ရနိုင်တယ်ဗျ” ဟု ခပ်လေးလေးပဲ ဖြေလိုက်သည်။ သူက “ ဒီလိုလုပ်ပါ့လား၊ ငါက အိမ်လခ တစ်နှစ်စာ အနေနဲ့ ၃သိန်းပေးမယ်ကွာ၊ ဒို့အစ်ကိုကြီးဆီ မင်းအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းကြည့်ပါလား၊ မင်းဆိုရင် သူက ပစ်ထားမှာ မဟုတ်ဘူး၊ သူ့ဖုန်းနံပတ် မင့်ထဲမှာ ရှိတယ်မို့လား၊ မင်းကိုယ်တိုင် ဖုန်းဆက်ပြောကြည့်လိုက်လေ၊ သူ ကူညီမှာပါကွ” တဲ့။ ကျွန်တော် အားတက်သွားသည်။

 

 

 

ဖုန်းဆက်၍ ပိုက်ဆံတောင်းရလေသောအခါ
—————————————————-
ထို့ကြောင့် နောက်ရက် လူထုသို့ ရောက်သောအခါ ညနေ ၃နာရီလောက်ကျ မမဒေါ်တင်ဝင်းထံ ခွင့်တောင်းပြီး လူထုကြိုးဖုန်းမှ တဆင့် အစ်ကိုကြီး ကိုမြင့်ဆွေ ထံ ဖုန်းဆက်လိုက်သည်။ သူက ရန်ကုန် ဝန်ကြီးများရုံးက ဝန်ကြီးဌာနတစ်ခု၏ ရုံးချုပ်တွင် ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းနေသည့် ကာလဖြစ်သည်။ ဖုန်းဆက်လိုက်တော့ ကျွန်တော်ဆိုတာ သူ့ဝန်ထမ်းက ပြောလိုက်သည်နှင့် ချက်ချင်း ဖုန်းကိုင်သည်။ ကျွန်တော်က အကျိုးအကြောင်းပြောပြတော့ သူက စိတ်ဝင်တစားနားထောင်၏။
တကယ်တော့ ဒါတွေအားလုံးကို သူ အကြမ်းဖျဉ်း သိပြီးဖြစ်သည်။ သို့သော် အခု ဖုန်းဆက်တော့ သူက သေချာမေးပြီး ကျွန်တော့်ဆုံးဖြတ်ချက်ကို သဘောတူသည်။ သူကူညီမည်၊ မင်းဘယ်လောက် လိုသလဲ ပြောပါတဲ့။ ကျွန်တော် ဘာပြောရမှန်းမသိတော့။ များသွားလျှင်လည်း အားနာလှသည်။ အခုလို ပြောရသည် ပင်လျှင် မျက်နှာပူလှသည်။ ပြောရမည့် တန်ဖိုးတစ်ခုက “ဟာကွာ မင်းကလဲ၊ အဲ့လောက်ကျ အဆင်မပြေဘူးလေ” ဟုများ ပြောလိုက်လျှင် စိုသည့်လက် ခြောက်သွားနိုင်သည်။ မတတ်နိုင်၊ နောင်ခါလာ နောင်ခါဈေးပဲလေ ဟု အောက်မေ့ကာ စိတ်ထဲရှိသည့် ဂဏန်းတစ်လုံးကို ပြောချလိုက်တော့၏။ ပြောရင်းနှင့် ရင်တွေ တဒုန်းဒုန်း ခုန်လာတော့သည်။

Related posts

VOM News

FREE
VIEW