မန္တလေး၊ အောက်တိုဘာ- ၂၃- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် – မန္တလေး အဆင်းလမ်း (၁၉/၃) အနီးမှာ မနေ့အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက နယူးမန္တလာထွန်း ခရီး သည်တင်ယာဥ်က ဘရိတ်ပေါက်တာကြောင့် အငှားယာဥ် Nissan Wingroad ကိုဝင်တိုက်ပြီး ပေ ၃၀၀ အနက် ချောက်ထဲ ကျသွားကာ နေရာမှာတင် လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ကားအောက်မှာ ပိနေတာတွေက DB ဖြစ်သွားတာပေါ့၊ ကားထဲမှာ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာအသီးသီးရခဲ့တယ်၊ ကားက ၂၁ မိုင်ကတည်းက အခြေအနေမကောင်းဘူးလို့ ကားပေါ်ပါတဲ့သူတွေရဲ့ ပြောပြချက်အရသိရတယ်၊ ကျသွားတဲ့ချောက်က ပေ ၅၀၀ လောက်နက်တယ် ပေ ၃၀၀ လောက်အရောက်မှာ ကျောက်တုံးအကြီးနဲ့ ခံနေလို့ ထပ်မကျတော့တာ” လို့ ဖြစ်စဥ်နေရာကို သွား ရောက်ကူညီခဲ့တဲ့ မဏိစလ လူမှု/နာမှု ကူညီရေး အသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ချိုလွင်မန်း ခရီးသည်တင်ယာဉ် Nissan Wingroad မော်တော်ကား မောင်းနှင်တဲ့ ယာဥ်မောင်းဟာ နေရာမှာတင်သေဆုံးခဲ့ပါတယ်။
ချောက်ထဲကျသွားတဲ့ ခရီးသည်တင် ကားအတွင်းမှာ ယာဥ်မောင်း၊ ယာဥ်နောက်လိုက် နှစ်ယောက်နဲ့ ခရီးသည် ၂၇ ယောက်ပါဝင်တာမှာ ငါးယောက်က နေရာတင်သေဆုံးသွားတာကြောင့် အခင်းဖြစ်နေရာမှာ Nissan Wingroadယာဥ်မောင်းအပါဝင် ၆ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့နေရင်း လမ်းမှာ ၂ ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် မနေ့က ဖြစ်စဥ်မှာ စုစုပေါင်း ၈ ယောက် သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – MFSD/ လူမှုကူညီရေးအသင်းများ
သေဆုံးသူ စာရင်း
(၁) ဖြိုးကိုကိုအောင်(စိစစ်ဆဲ)၊ EXPRESS ယာဉ်မောင်းတွင် ယာမျက်ခွံပြတ်ရှ၊ နှုတ်ခမ်း အောက်ပေါက်ပြဲ၊ ယာမျက်ခုံးပေါက် ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ(သေဆုံး)။
(၂) မောင်ရဲဝင်းအောင်(ခ)ကိုနောင်(၄၁)နှစ်၊ (ဘ)ဦးမြင့်ဦး၊ ချိုလွင်မန်း ခရီးသည်တင် ယာဉ်မောင်း၊ ငွေတော်ကျည်ကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတွင် နဖူး အက်ကွဲ၊ ယာတံတောင်ကျိုး၊ ဝဲပေါင်ပြတ်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ (သေဆုံး)။
(၃) မစုစုအောင် ၊ ကိုယ်ရေး(စိစစ်ဆဲ)တွင် ဦးခေါင်းပွင့်၊ ယာလက်ပွန်း၊ ယာပါးပွန်းဒဏ်ရာဖြင့်အခင်းဖြစ်နေရာ (သေဆုံး)။
(၄)ဒေါ်နွဲ့နွဲ့စန်း(၅၅)နှစ်ခန့်၊(ဘ)ဦးကျော်ငြိမ်း၊ ပြင်ဦးလွင်မြို့နေသူတွင်ရင်ဘက်၊ ဗိုက် ပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ(သေဆုံး)။
(၅) အမည်မသိအမျိုးသား(၁)ဦးတွင် ဝဲမျက်ခုံးအက်ကွဲ၊ နဖူးပေါက်ပြဲ၊ ဝဲမေးရိုးညိုမဲ ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာ(သေဆုံး)။
(၆) အမည်မသိအမျိုးသမီး(၁)ဦး တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် (သေဆုံး)။
