ပဲခူးတိုင်း အ​နောက်ခြမ်းမှာ H1N1 လူနာတစ်​ဦး​သေဆုံး

မိုးညို၊ ဇူလိုင်​ ၂၄ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်​ မိုးညိုမြို့နယ်​ ထိန်​​တော​ကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

 

အသက်​ ၄၇ နှစ်​အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်​ကြာ ခံစား​နေရလို့ ဇူလိုင်​ ၂၀ ရက်​ည​နေပိုင်းမှာတော့ မိုးညို​မြို့နယ် ပြည်​သူ့​ဆေးရုံကို လာ​ရောက်​ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်​ပြည်​သူ့​ဆေးရုံကို လွှဲ​ပြောင်းကုသ​စေခဲ့ပြီး အဲဒီကတစ်​ဆင့်​ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ တက်​​ရောက်​ကုသ​နေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်​။

 

“ ​ဆေးရုံကိုသွားပြ​တော့ အဆုတ်​ပွပြီး H1N1 လက္ခဏာတွေ့တယ်​၊ စိုးရိမ်​ရ​ကြောင်း၊ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးကို ချက်​ချင်း ပြသဖို့လိုအပ်​​ကြောင်း ညွှန်​ကြားလို့ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ ​ဆေးကုသရင်း​သေဆုံးသွားတာပါ။ ကျ​နော်​ရယ်​ အသက်​ ၁၄ နှစ်​ရှိသားကြီး၊ အသက် ​၄ နှစ်​ရှိသားငယ်​ကို လိုအပ်​တဲ့ကာကွယ်​​ဆေးထိုး​ပေးတယ်​။ သားငယ်​က​တော့ အဖျားလက္ခဏာရှိလို့၊ စိုးရိမ်​လို့် ​ဆွေမျိုးသားချင်း က​လေးအထူးကု ဆရာဝန်​အိမ်​မှာ ကုသ​နေပါတယ်​။” လို့ သေဆုံးသူရဲ့ ခင်​ပွန်းဖြစ်​သူ ဦး​မောင်​​မောင်​ခိုင်​က​ ပြောပါတယ်​။ 

 

လက်ရှိမှာတော့ H1N1 လူနာတွေ့ရှိတဲ့ အဲဒီထိန်တောကျေးရွာနဲ့ သေဆုံးသူနေထိုင်တဲ့အိမ်ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းပေးတာတွေ၊ H1N1​ နဲ့ပတ်​သက်​ပြီး ကျန်းမာ​ရေး အသိပညာ​ပေးတာ၊ ကာကွယ်မှုအပိုင်းနဲ့  ဆောင်ရွက်ပေးတာတွေ လုပ်​​ဆောင်​​နေတယ်​လို့ မိုးညိုမြို့နယ်​ ကျန်းမာ​ရေး ဦးစီးဌာနက သိရပါတယ်​။

 

ပြီးခဲ့တဲ့ ဇူလိုင်​ ၃ ရက်​ကလည်း ပဲခူးတိုင်းအတွင်းရှိ သူ​ဌေးကုန်း​ကျေးရွာက အသက်​၂၀ အရွယ်ရှိ အမျိုးသားတစ်​ဦး ​သေဆုံးခဲ့ပါတယ်။ ပဲခူးတိုင်းမှာ ၂၀၁၇ ခုနှစ်​က H1N1​ရောဂါသံသယလူနာ ၁၄၁ ဦးရှိခဲ့ပြီး  ​ရောဂါပိုး​တွေ့ရှိသူ ၄၇ ဦး၊ H3N2 ​ရောဂါရှိသူ ၈ ဦး၊ ​သေဆုံးသူ ၁၀ ဦးအထိရှိခဲ့တယ်​လို့ ပဲခူးတိုင်း ကျန်းမာ​ရေး ဦးစီးဌာန မှတ်​တမ်း​တွေအရ သိရပါတယ်​။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကတော့ ဒီနှစ်မှာ H1N1 နဲ့သေဆုံးသူ ၇၀ ဦးကျော်ပြီလို့ ကျန်းမာရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

 

#voiceofmyanmar #ပဲခူး #သာယာဝတီ #မိုးညို  #H1N1 လူနာတစ်ဦးသေဆုံး #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW