ရန်ကုန်၊ သြဂုတ် ၂၀ – ၂၀၁၉
သူရိန်(VOM)
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ဒိုင်းနမိုက်နဲ့ ဖြိုခွင်းခံခဲ့ရတဲ့နေ့အတွက် ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ချီတက်အလေးပြုမှုနဲ့ပတ်သက်ပြီး တရားစွဲခံရတဲ့ကျောင်းသားနှစ်ဦးကို ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။
ကျောင်းသားခေတ် သတင်းဂျာနယ် အယ်တီတာချုပ် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဇင်မင်းဖြိုးနဲ့ သုတေသနနဲ့ မူဝါဒရေးရာကော်မတီ တာဝန်ခံ ကိုမင်းဟန်ထက်တို့ကို ဇူလိုင် ၁၄ ရက်က လှိုင်မြို့နယ် ရဲစခန်းကနေ ဆင့်ခေါ်စာပေးပို့ခဲ့ပြီး ဇူလိုင် ၁၈ ရက်က လှိုင်မြို့နယ်တရားရုံးမှာ အမှုစစ်ဆေးခဲ့ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ(ငြိမ်းစုစီ)ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပါတယ်။
“အခုလို တရားစွဲခံရတာတွေ ဖြစ်တာဟာ အာဏာမျှခြေ မညီမျှလို့ ဖြစ်တာပါ။ အာဏာမျှခြေညီမျှဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုပါတယ်။” လို့ ကိုဇင်မင်းဖြိုး ပြောပါတယ်။
ဒီနေ့ သြဂုတ် ၂၀ ရက်မှာ ကိုဇင်မင်းဖြိုးနဲ့ ကိုမင်းဟန်ထက်တို့ကို ထောင်ဒဏ် ၇ ရက်စီကျခံဖို့ လှိုင်မြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ပေမယ့် ချုပ်ရက်တွေကြောင့် သူတို့နှစ်ဦးဟာ ဒီနေ့မှာပဲ အပြီးသတ် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
ဆဲဗင်းဇူလိုင် အထိမ်းအမှတ် လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့ ဗ.က.သ ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ ကိုခန့်မင်းထက်၊ ကိုစိုင်းသုဝဏ်၊ မအိသီရိကျော်၊ ကိုဝေယံဖြိုးမိုးနဲ့ ကိုသူရလင်းတို့ကိုလည်း ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပါတယ်။
#voiceofmyanmar #ရန်ကုန် #ဆဲဗင်းဇူလိုင် အထိမ်းအမှတ် #ကျောင်းသားအမိန့်ချ