ဆဲဗင်းဇူလိုင်​ ချီတက်​အ​လေးပြုမှုနဲ့ ပတ်သက်​ပြီး တရားစွဲခံရ​တဲ့​ကျောင်းသားနှစ်​ဦးကို ​ထောင်​ ၇ ရက်​ချ

ရန်​ကုန်​၊ သြဂုတ်​ ၂၀ – ၂၀၁၉

သူရိန်(VOM)

 

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ဒိုင်းနမိုက်နဲ့ ဖြိုခွင်းခံခဲ့ရတဲ့နေ့အတွက် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်​ ချီတက်​အ​လေးပြုမှုနဲ့ပတ်သက်​ပြီး တရားစွဲခံရ​တဲ့​ကျောင်းသားနှစ်ဦးကို ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။

 

ကျောင်းသားခေတ် သတင်းဂျာနယ် အယ်တီတာချုပ် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဇင်မင်းဖြိုးနဲ့ သုတေသနနဲ့ မူဝါဒရေးရာကော်မတီ တာဝန်ခံ ကိုမင်းဟန်ထက်တို့ကို ဇူလိုင်​ ၁၄ ရက်က လှိုင်မြို့နယ် ရဲစခန်းကနေ ဆင့်ခေါ်စာ​ပေးပို့ခဲ့ပြီး ဇူလိုင်​ ၁၈ ရက်က လှိုင်မြို့နယ်တရားရုံးမှာ အမှုစစ်ဆေးခဲ့ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ(ငြိမ်းစုစီ)ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပါတယ်။

 

“အခုလို တရားစွဲခံရတာ​တွေ ဖြစ်​တာဟာ အာဏာမျှခြေ မညီမျှလို့ ဖြစ်​တာပါ။ အာဏာမျှခြေညီမျှဖို့ ဖွဲ့စည်းပုံအ​ခြေခံဥပဒေကို ပြင်ဖို့လိုပါတယ်။” လို့ ကိုဇင်မင်းဖြိုး ပြောပါတယ်​။

 

ဒီနေ့ သြဂုတ် ၂၀ ရက်မှာ ကိုဇင်မင်းဖြိုးနဲ့ ကိုမင်းဟန်ထက်တို့ကို ထောင်ဒဏ် ၇ ရက်စီကျခံဖို့ လှိုင်မြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ပေမယ့် ချုပ်ရက်တွေကြောင့် သူတို့နှစ်ဦးဟာ ဒီနေ့မှာပဲ အပြီးသတ် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

 

ဆဲဗင်းဇူလိုင် အထိမ်းအမှတ် လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့ ဗ.က.သ ကျောင်းသားတွေဖြစ်​တဲ့ ကိုမင်းသွေးသစ်၊ ကိုခန့်မင်းထက်၊ ကိုစိုင်းသုဝဏ်၊ မအိသီရိကျော်၊ ကိုဝေယံဖြိုးမိုးနဲ့ ကိုသူရလင်းတို့ကိုလည်း ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပါတယ်​။

 

#voiceofmyanmar #ရန်ကုန် #ဆဲဗင်းဇူလိုင် အထိမ်းအမှတ် #ကျောင်းသားအမိန့်ချ

Related posts

Leave a Comment

VOM News

FREE
VIEW