မုံရွာမြို့ မှာ  တောင်သူများ ပုံစံ ၇ ရရှိရေး ဆန္ဒထုတ်ဖော်

မုံရွာ မတ် ၃-၂၀၁၉

ရန်နိုင်စိုး (VOM)

 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင် သစ်တောကြိုးဝိုင်းသတ်မှတ်ရာမှာ တရားဝင် လုပ်စားပိုင်ခွင့်လယ်ယာမြေအဖြစ် ပုံစံ ၇ ရရှိရေးအတွက် ဒေသခံတောင်သူတွေ၃၀၀ဝန်းကျင်ဟာ မတ်လ ၃ ရက်နေ့ ဒီကနေ့မနက်က မုံရွာမြို့ပေါ်လာရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ဝါးစိမ်းတောင်နဲ့ တောင်ဝန်းကျင်ရှိ ဧက ၁ သောင်းကို သစ်တောဦးစီးဌာနအနေနဲ့ သစ်တောကြိုးဝိုင်းအဖြစ် ၁၉၉၉ ခုနှစ်က သတ်မှတ်ခဲ့ပြီး ယူကလစ်ပင်များ စိုက်ပျိုးထားတဲ့အတွက် တောင်သူတွေ လယ်ယာမြေလုပ်ကိုင်စားသောက်ဖို့ အခက်ခဲဖြစ်နေကြတယ်လို့ဆိုကြပါတယ်။

 

” ကျနော်တို့စိုက်ခင်းတွေထဲမှာလဲ ယူကလစ်တို့ဘာတို့ လာစိုက်တယ်။ သစ်တောက ဆတူလုပ်ချင်တာ။ ကျနော်တို့က လုပ်လို့မရဘူးလေ။ ကျနော်တို့က ဒါပဲလုပ်စားတတ်တာကိုး။ ဒီလယ်ယာမြေတွေက ကျနော်တို့ဘိုးဘွားလက်ထက်ကတည်းက ခုတ်ထွင်ရှင်းလင်းခဲ့ပြီး လုပ်ကိုင်စားသောက်လာခဲ့ကြတာပါ။ သစ်တောမြေသတ်မှတ်တယ်ဆိုတာလဲ တောင်သူတွေလဲ အသိပေးခြင်းမရှိဘူး။ ဒါကြောင့် ကျနော်တို့ လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေကို အတည်တကျသတ်မှတ်ပေးဖို့အတွက် ပုံစံ ၇ ရရှိရေး တောင်းဆိုကြခြင်း ဖြစ်ပါတယ် ” လို့ သပြေအေးကျေးရွာမှ ဦးရန်ဝင်းက ပြောပါတယ်။

 

လက်ရှိမှာတော့ သစ်တောဦးစီးဌာနအနေနဲ့ ယူကလစ်ပင်တွေ စိုက်ပျိုးထားတဲ့အတွက် အခြားသီးနှံတွေ စိုက်ပျိုးမရဖြစ်ရတယ်လို့  ဒေသခံတောင်သူတွေက ဆိုပါတယ်။

 

ပုံစံ ၇ ရရှိရေးအတွက် သစ်တောဦးစီးဌာနအပါဝင် လယ်ယာမြေနဲ့ သက်ဆိုင်တဲ့ ဌာနအဆင့်ဆင့်ဆီကို စာတင်ပြပေမယ့် လက်ရှိအချိန်ထိ မရရှိသေးဘူးလို့ သိရပါတယ်။

 

” ကျနော်တို့က နိုင်ငံတော်ဒုသမ္မတအထိ အဆင့်ဆင့်တောင်းခံတော့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ပြန်လည်စီစစ်ဖို့ ညွှန်ကြားချက်ကျလာတယ်။ မြို့နယ်မြေစစ်ကပါ ပြန်စီစစ်တယ်။ ဒါပေမယ့် အခုချိန်ထိ အကောင်ထည်ဖော်မပေးသေးဘူး။ ကြံ့ကြာနေတယ် ။ ” လို့ သပြေအေးကျေးရွာမှ ဦးအောင်တိုးက ပြောပါတယ်။

 

ဝါးစိမ်းတောင်ဝန်းကျင်တဝှက်က တောင်ပုကျေးရွာအုပ်စုမှာ တောင်သူတွေ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေဧကပေါင်း ၂ ထောင်ကျော်ရှိပါတယ်။

 

ထိုဒေသတဝှိုက်မှာတော့ စပါးသီးနှံအပြင် ခရမ်းချဉ် ၊နှမ်း ၊ ပြောင်းနဲ့ ပဲ အမျိုးမျိုးစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

 

ယခုဆန္ဒထုတ်ဖော်တာကိုတော့ ဒေသခံတောင်သူဦးရေ ၃၀၀ ခန့်ပါဝင်ပြီး မုံရွာမြို့တော်အခန်းမရှေ့က စတင်ကာ လူစည်ကားရာနေရာတွေဖြစ်တဲ့  ဘူတာလမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း နဲ့ ဗိုလ်ချုပ်လမ်းတွေမှာ  စီတန်းလှည့်လည်ကာ လယ်ယာမြေ ပုံစံ ၇ ရရှိရေးအတွက် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

 

သတင်း/ဓါတ်ပုံ – ရန်နိုင်စိုး

Related posts

Leave a Comment

VOM News

FREE
VIEW