ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ပြစ်ဒဏ် ၂၂ နှစ်ချမှတ်

စစ်တွေ၊ မတ် ၁၉-၂၀၁၉

ခိုင်လင်းစံ(VOM)

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ ဒီကနေ့ စစ်တွေခရိုင်တရားရုံးကနေ ပြစ်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးဟာ မူလဖမ်းဆီးခံရစဉ်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) အပါအဝင် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၁၇ (၁) ကိုတော့ အယူခံကပယ်ဖျက် ပေးခဲ့တာဖြစ်ပါတယ်။

“နိုင်ငံရေးပါတီထူထောင်ပြီးခါမှ နိုင်ငံတော်ကြီးကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်၊ တန်းတူအခွင့်အရေးရှိအောင် လုပ်နိုင်တဲ့နေ့ဟာ ဒီနေ့ရပ်တန့်သွားသလား ရှေ့ဆက်သွားသလားဆိုတာ အဖြေကိုသိရတာပါ။ ကျွန်တော်တို့ကတော့ လက်တစ်ဖက်ကိုချည်ထားရင် နောက်တစ်ဖက်နဲ့သွားမယ်။”လို့ ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် သူတို့နှစ်ဦးစလုံးကို စွဲဆိုထားတဲ့ပုဒ်မှ နှစ်ခုနဲ့ စစ်တွေခရိုင်တရားရုံးက ပြစ်ဒဏ် ၂၂ နှစ်ချမှတ်လိုက်တာဖြစ်ပြီး ချမှတ်လိုက်တဲ့ပြစ်ဒဏ်အပေါ်မှာ ကျေနပ်မှုမရှိနိုင်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

“သူတို့က ဒီပုဒ်မတွေနဲ့ပဲ ပြစ်ဒဏ်ချမှတ်လိုက်တယ်။ ၁၂၂ နဲ့ နှစ်၂၀ ချတယ်။ ၅၀၅ (ခ)နဲ့ ၂ နှစ်ချတယ်။ ပေါင်း ၂၂ နှစ်ပေါ့။ ချုပ်ရက်ကိုတော့ ခံစားခွင့်ရှိတယ်။ အယူခံဝင်ခွင့်လည်းရှိတယ်လို့ တရားသူကြီးက ပြောကြားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မှ ဒါတွေကို လက်မခံနိုင်ဘူး။ တရားမျှတမှုမရှိဘူးလို့ပဲ ပြောချင်တယ်။”လို့ စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအောင်ဌေးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလက ရသေ့တောင်မြို့စာပေဟောပြောပွဲမှာ ပြောကြားခဲ့တဲ့ဟောပြောချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်ပုန်ကုန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု စတဲ့ပုဒ်မတွေနဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို အမိန့်ချဖို့ရှိနေတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရရုံးအပါအဝင် စစ်တွေမြို့မှာရှိတဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကို ပိတ်သိမ်းထားတာဖြစ်ပြီး ဝန်ထမ်းတွေကိုလည်း လုံခြုံရေးမပေးနိုင်တဲ့အတွက် ရုံးတက်ခွင့်မပေးဘူးလို့ ဝန်ထမ်းတွေဆီကသိရပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ဒေါက်တာအေးမောင် #စာရေးဆရာဝေဟင်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW